အီတလီ - ဂျာမနီ
UEFA Nations League
(ကွာတားဖိုင်နယ်)
(21 March 2025/ 2:15 am)
သမိုင်းတစ်လျှောက်ဒီနှစ်သင်းတွေ့ဆုံမှုမှာတော့ အီတလီက ဂျာမနီကိုအသာရထားပြီး အီတလီ(၁၅)ပွဲနိုင်၊ ဂျာမနီ(၁၀)ပွဲနိုင်ပြီး (၁၂)ပွဲသရေကျခဲ့ကြတယ်။ အီတလီအနေနဲ့ ဂျာမနီနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ (၈)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တာကို တွေ့ရတယ်။
နည်းပြစပယ်လက်တီအနေနဲ့ သူ့ရဲ့အီတလီအသင်းမှာ လူငယ်ကစားသမားတွေဆက်တိုက်ထည့်သွင်းပြီး သွေးသစ်လောင်းနေသလို အခုဂျာမနီနဲ့ရင်ဆိုင်မယ့်အသင်းမှာလည်း လက်ရွေးစင်အသင်းအတွက် မကစားဖူးသေးတဲ့ကစားသမားသစ်(၃)ဦးကို ပွဲထုတ်လာတယ်။
အီတလီအသင်းရဲ့ လူဟောင်းတချို့နေရာမှာ ကစားသမားသစ်တွေကို အစားထိုးခဲ့ပေမယ့် အသင်းက Form တော့ သိပ်မပျက်ဘဲ ရလဒ်ကောင်းတွေ ရနေတာလည်းတွေ့ရတယ်။ ပြီးခဲ့တဲ့အုပ်စုအဆင့်ပွဲတွေမှာ ပြင်သစ်ကို အိမ်ကွင်းမှာ (၁-၃)ဂိုးနဲ့ ရှုံးခဲ့တဲ့တစ်ပွဲပဲ ရှုံးပွဲရှိခဲ့တယ်။ ဒါပေမယ့် အဝေးကွင်းပွဲစဉ်မှာ ဒီရလဒ်အတိုင်း ပြင်သစ်ကို နိုင်ထားတာဆိုတော့ မဆိုးဘူးလို့ပြောရမယ်။
ဂျာမနီကလည်း နည်းပြနာဂယ်စမန်းလက်ထဲမှာ အသင်းက အတက်ဘက်ကို ပြနေတယ်။ မူဆီယာလာ၊ ဖလော်ရီယန်ဗစ်ဇ်၊ ကိုင်ဟာဗက်ဇ်၊ ဖူလ်ကုအစရှိတဲ့ကစားသမားတွေ အကောင်းဆုံးအချိန်ကို ရောက်နေတာလည်းပါတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၁၅)ပွဲမှာ ဂျာမနီက (၁)ပွဲပဲရှုံးခဲ့တယ်။
တစ်ခုသတိထားရမှာက နာဂယ်စမန်းရဲ့ဂျာမနီအသင်းက အိမ်ကွင်းမှာ (၅)ဂိုးပြတ်၊ (၇)ဂိုးပြတ်တွေနဲ့ အနိုင်ရတဲ့ပွဲတွေရှိပေမယ့် အဝေးကွင်းတွေမှာတော့ နိုင်ပွဲနည်းတတ်တာ ဖြစ်တယ်။ နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာ (၁)ပွဲပဲနိုင်ပြီး (၃)ပွဲသရေကျ၊ (၁)ပွဲရှုံးခဲ့တယ်။
ဒီနောက်ပိုင်း ဒီနှစ်သင်းဆုံတဲ့ပွဲတွေမှာ သရေပွဲများတဲ့အစဉ်အလာအတိုင်း ဒီပွဲလည်း ဂိုးနည်းနည်းနဲ့ သရေကျမယ်လို့ ထင်မိတယ်။ (၁-၁)လိုရလဒ်မျိုးကို ကြိုက်မိတယ်။
နယ်သာလန် - စပိန်
UEFA Nations League
(ကွာတားဖိုင်နယ်)
(21 March 2025/ 2:15 am)
ဒီနှစ်သင်းသမိုင်းတစ်လျှောက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့ နယ်သာလန်အသင်းက အသာရထားတာကိုတွေ့ရတယ်။ (၁၂)ပွဲမှာ နယ်သာလန်က (၆)ပွဲနိုင်၊ စပိန်က(၄)ပွဲနိုင်ပြီး (၂)ပွဲက သရေကျခဲ့တယ်။
ဒီနှစ်သင်းတွေ့ဆုံမှုက တောင်အာဖရိကမှာ ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သတိရစေတယ်။ အဲဒီကမ္ဘာ့ဖလားမှာ စပိန်ဗိုလ်စွဲခဲ့သလို၊ ပြီးခဲ့တဲ့ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်က ချန်ပီယံခြေစွမ်းပြပြီး ရလဒ်ကောင်းတွေယူပြနေတယ်။
စပိန်အသင်းက ၂၀၂၄ နှစ်ဦးပိုင်းမှာ ကိုလံဘီယာကို ရှုံးပြီးနောက်ပိုင်း နောက်ဆုံးနိုင်ငံတကာ(၁၆)ပွဲမှာ (၁၄)ပွဲအထိ အနိုင်ရထားတာတွေ့ရတယ်။ လက်ရှိ ဥရောပမှာတော့ Current Form အကောင်းဆုံးနဲ့ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံးအသင်းလို့ ပြောလို့ရတယ်။
ယူရိုမှာလည်း ရှုံးပွဲမရှိ၊ သရေပွဲမရှိ ပွဲတိုင်းကို အနိုင်ယူဗိုလ်စွဲခဲ့တာဖြစ်ပြီး နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက်လည်း အနိုင်ရထားတယ်။ အသင်းမှာ ယာမားလ်၊ နီကိုဝီလီယံစ်၊ ပီနို အစရှိတဲ့ အရည်အသွေးရှိလူငယ်တိုက်စစ်ကစားသမားတွေ၊ မိုရာတာ၊ အိုယာဇာဘယ်တို့လို ဝါရင့်တိုက်စစ်မှူးတွေရှိနေတော့ ဂိုးရဖို့ မပူရတဲ့အသင်းဖြစ်တယ်။
အော်လ်မို၊ ဖေဘီယန်ရုဇ်၊ မယ်ရီနို၊ ပက်ဒရီအစရှိတဲ့ ကွင်းလယ်လူတွေကလည်း တိုက်စစ်အခင်းအကျင်းမှာ လိုက်ပါစီးမြောနိုင်သူတွေဖြစ်လို့ စပိန်က ကြောက်စရာအကောင်းဆုံး တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်တဲ့အသင်းလို့ ပြောလို့ရတယ်။
စပိန်က အားရစရာကောင်းသလောက် ဒီပွဲအိမ်ရှင်နယ်သာလန်ကတော့ ရော်နယ်ကိုးမန်းလက်ထဲမှာ တည်ငြိမ်မှုမရှိတဲ့အသင်းအဖြစ်တွေ့နေရတယ်။ ဒီတစ်နှစ်အတွင်းရလဒ်တွေက သရေပွဲရှုံးပွဲအရေအတွက်နဲ့ နိုင်ပွဲအရေအတွက်က ၅၀း၅၀ အချိုးလောက်ဖြစ်နေတယ်။
ကွာတားဖိုင်နယ်တက်လာရာမှာလည်း စပိန်လို ပြတ်ပြတ်သားသားနိုင်ပွဲတွေနဲ့ တက်လာတာမဟုတ်ဘဲ နိုင်ပွဲ(၂)ပွဲတည်းရပြီး သရေပွဲတွေ၊ ရှုံးပွဲတွေနဲ့တက်လာခဲ့တာဖြစ်တယ်။
ဂတ်ပို၊ ဒီပိုင်းအစရှိတဲ့ အဓိကတိုက်စစ်မှူးတွေဆီကလည်း ပုံမှန်ဂိုးတွေမျှော်လို့မရဘဲ ဒမ်ဖရိုင်းစ်လို နောက်တန်းကစားသမားဆီက ဂိုးတွေကြောင့်သာ ရလဒ်ကောင်းတချို့ရနေတာဖြစ်တယ်။
နောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှာနိုင်ခဲ့တဲ့ နယ်သာလန်အနေနဲ့ စပိန်အသင်းကိုနောက်ဆုံး(၆)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့မှတ်တမ်း ဒီပွဲတော့ ပျက်ဖို့များနေတယ်။ စပိန်ကိုရွေးတာပဲ စိတ်ချရမယ်ထင်တယ်။ စပိန်(၂-၁)လို အနိုင်ရလဒ်မျိုးကို ကြိုက်မိတယ်။
Discussion