ပေါ်တူဂီ - ဒိန်းမတ်
UEFA Nations League
(ကွာတားဖိုင်နယ်)
(24 March 2025/ 2:15 am)

ပထမအကျော့တွေ့ဆုံမှုမှာ ဒိန်းမတ်က နာမည်ကြီးပေါ်တူဂီကို အိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ ပေါ်တူဂီအသင်းဘက်မှာ စီရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ရာဖယ်လီယို၊ ဗီတင်ညာ၊ နက်တို၊ ဒါလော့၊ ဒီယက်စ် အစရှိတဲ့ကစားသမားအစုံအလင် ပါဝင်ပါလျက်နဲ့ ဒိန်းမတ်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ရှုံးခဲ့ရတာဖြစ်တယ်။

ဒီပွဲမှာ ဂိုးသမားကော်စတာသာ မကောင်းခဲ့ရင် ပေါ်တူဂီအသင်း ဒီထက်တောင် ပိုဂိုးပြတ်ရှုံးနိုင်တယ်။ ပေါ်တူဂီအသင်းရဲ့တိုက်စစ်ကို ဒိန်းမတ်နောက်တန်းက ဗက်စ်တာဂတ်၊ အန်ဒါဆန်တို့က အကောင်းဆုံးထိန်းချုပ်နိုင်တာကြောင့်လည်း ဂိုးသွင်းခွင့်များများစားစားမရခဲ့တာဖြစ်တယ်။

ဒုတိယအကျော့ပွဲမတိုင်ခင် ပေါ်တူဂီအသင်းရဲ့အိမ်ကွင်းခြေစွမ်းကို လေ့လာကြည့်ရင် ပြီးခဲ့တဲ့တစ်နှစ်အတွင်း အိမ်ကွင်းပွဲတွေမှာ ခရိုအေးရှားတစ်သင်းတည်းကိုသာ ခြေစမ်းပွဲမှာ ရှုံးပြီး ကျန်အိမ်ကွင်း(၆)ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့တာတွေ့ရတယ်။ ပေါ်တူဂီက အိမ်ကွင်းပွဲတွေဆိုရင် သိသိသာသာခြေစွမ်းကောင်းလေ့ရှိပြီး ဂိုးပြတ်နိုင်ပွဲတွေရတတ်တာလည်း တွေ့ရတယ်။ ဆွီဒင်၊ ဖင်လန်၊ ပိုလန်အသင်းတွေကို (၄)ဂိုး၊ (၅)ဂိုးတွေသွင်းပြီး အနိုင်ယူခဲ့တယ်။

ဒိန်းမတ်နဲ့ ပေါ်တူဂီ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင်လည်း ပေါ်တူဂီအသင်းက (၁၁)ပွဲအထိ ပြတ်ပြတ်သားသားနိုင်ပြီး (၄)ပွဲပဲ ရှုံးခဲ့တယ်။ (၂)ပွဲက သရေကျတယ်။ အဝေးကွင်းမှာသာ ရလဒ်ဆိုးလေ့ရှိပြီး အိမ်ကွင်းပွဲတွေဆိုရင် ရလဒ်ကောင်းလေ့ရှိတဲ့ ပေါ်တူဂီကို ဒီပွဲယုံကြည်လို့ရလောက်ပါတယ်။ ပေါ်တူဂီပြန်အနိုင်ယူမယ့်ပွဲဖြစ်ပြီး (၂-၁)(၃-၁)လို ရလဒ်တွေကို တွေ့ရနိုင်တယ်။ ပယ်နယ်တီအထိသွားနိုင်တဲ့ပွဲမျိုးလည်းဖြစ်တယ်။

စပိန် - နယ်သာလန်
UEFA Nations League
(ကွာတားဖိုင်နယ်)
(24 March 2025/ 2:15 am)

ပထမအကျော့ ဒတ်ချ်မြေမှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ကြပြီး စပိန်အသင်းက နောက်ဆုံးမိနစ်ချေပဂိုးကြောင့် သရေရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်တယ်။ စပိန်က နယ်သာလန်ကို နောက်ကလိုက်ကစားရတယ်ဆိုပေမယ့် စပိန်ခြေသိသိသာသာအသာရခဲ့ပါတယ်။ စပိန်က ပွဲကို ပိုမိုလွှမ်းမိုးကစားနိုင်သလို ဂိုးသွင်းခွင့်တွေလည်း နယ်သာလန်ထက် ပိုပြီးရခဲ့တယ်။

ဒီနှစ်သင်းသမိုင်းတစ်လျှောက်တွေ့ဆုံမှု(၁၃)ကြိမ်မှာ နယ်သာလန်က အသာရပြီး (၆)ကြိမ်အနိုင်ရထားတယ်။ စပိန်က (၄)ပွဲပဲ နိုင်တယ်။ (၃)ပွဲက သရေကျခဲ့တယ်။ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အန်နီယေစတာရဲ့အချိန်ပိုအနိုင်ဂိုးနဲ့ နိုင်တဲ့ပွဲအပြီး ဒီနှစ်သင်းတွေ့ဆုံမှု(၄)ကြိမ်မှာ စပိန်အနိုင်မရတော့ဘဲ နယ်သာလန်က (၂)ပွဲနိုင်ပြီး (၂)ပွဲသရေကျခဲ့တယ်။

စပိန်က ပြီးခဲ့တဲ့(၁)နှစ်အတွင်း အိမ်ကွင်း(၆)ပွဲမှာ ရှုံးပွဲလုံး၀မရှိဘဲ ဘရာဇီးလ်တစ်သင်းကိုပဲ သရေကစားပြီး ကျန်(၅)ပွဲဆက်တိုက် အနိုင်ယူခဲ့တယ်။ စပိန်အသင်းအနေနဲ့ နောက်ဆုံးနိုင်ငံတကာပွဲ(၁၇)ပွဲမှာလည်း ရှုံးပွဲမရှိအောင် ကစားထားနိုင်တယ်။

နယ်သာလန်ကတော့ ဒီနောက်ပိုင်းပွဲတွေမှာ နိုင်ပွဲထက် သရေ/ရှုံးပွဲတွေက ပိုများနေတယ်။ နောက်ဆုံးနိုင်ငံတကာ(၆)ပွဲမှာ ဟန်ဂေရီတစ်သင်းတည်းကိုသာနိုင်ပြီး ဂျာမန်ကိုရှုံး၊ ကျန်(၄)ပွဲကို သရေကျခဲ့တယ်။

လက်ရှိခြေစွမ်းချင်းနှိုင်းယှဉ်ရင်တော့ ယာမားလ်၊ အော်လ်မို၊ ပက်ဒရီ၊ ကူဘာဆီ၊ နီကိုဝီလီယံအစရှိတဲ့ လူငယ်ကစားသမားတစ်သိုက်နဲ့ မိုရာတာ၊ ဖေဘီယန်ရုဇ်၊ ကူကူရယ်လာအစရှိတဲ့ အတွေ့အကြုံရှိကစားသမားတွေပေါင်းစပ်ထားတဲ့ စပိန်အသင်းက ပုံမှန်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးမရှိတဲ့အပြင် ပေးဂိုးတွေများနေတဲ့ နယ်သာလန်အသင်းထက် ခြေစွမ်းပိုင်း၊ ကစားသမားအရည်အသွေးပိုင်း ပိုသာနေတာအမှန်ပါပဲ။

ဒါကြောင့် အိမ်ကွင်းမှာ နယ်သာလန်ကို စပိန်အနိုင်ယူပြီး ဖြတ်ကျော်နိုင်ဖို့ ဖြစ်နိုင်ခြေများပါတယ်။ နောက်ဆုံးအိမ်ကွင်း(၅)ပွဲဆက်တိုက်အနိုင်ရထားတဲ့ စပိန်အသင်း ဒီပွဲလည်း အနိုင်ရလဒ်ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ (၂-၁)လိုရလဒ်မျိုးကို တွေ့ရမယ်ထင်တယ်။