အာဆင်နယ် - ဖူလ်ဟမ်
(ပရီးမီးယားလိဂ်)
(2 April 2025/ 1:15 am)

အာဆင်နယ်က ရမှတ်(၅၈)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပြီး ဖူလ်ဟမ်က ရမှတ်(၄၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်နေတယ်။

လန်ဒန်ဒါဘီပြိုင်ဘက်နှစ်သင်းဖြစ်ပေမယ့် အာဆင်နယ်က ဖူလ်ဟမ်ကို သိသိသာသာအသာရထားပြီး သမိုင်းတစ်လျှောက်တွေ့ဆုံမှု (၆၄)ကြိမ်မှာ (၄၂)ကြိမ်အထိ အာဆင်နယ်က အနိုင်ရခဲ့တယ်။ ဖူလ်ဟမ်က (၉)ပွဲပဲ အနိုင်ရခဲ့တယ်။

အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ ဖူလ်ဟမ်ကို မရှုံးတာလည်း (၃၁)ပွဲအထိရှိခဲ့ပြီး ဒါက ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်းက ကျန်အသင်းတစ်သင်းကို အိမ်ကွင်းမှာ ပွဲအများဆုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ စံချိန်တင်အရေအတွက်လည်းဖြစ်တယ်။ ဒီစံချိန်မှတ်တမ်းကို အာဆင်နယ်(၃၂)ပွဲအထိ ဆွဲဆန့်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။

အာဆင်နယ်အနေနဲ့ ဒီရာသီလန်ဒန်ဒါဘီတွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းတွေအတော်များများရခဲ့ပြီး ရမှတ်(၂၀)မှတ်အထိ ရယူနိုင်တာလည်းတွေ့ရတယ်။ လက်ရှိအသင်းမှာ ဂျေးဆူ၊ ဟာဗက်ဇ်၊ တိုမီယာဆု၊ ကာလာဖီအိုရီတို့လွဲမှာဖြစ်ပြီး တင်ဘာ၊ ဆာကာတို့ မသေချာသေးဘူးဆိုပေမယ့် ဖူလ်ဟမ်ကို အသာစီးကစားနိုင်တဲ့လူစာရင်းတော့ ကျန်ပါသေးတယ်။

အာဆင်နယ်က ကြားရက်တွေမှာ အနားအတော်ရထားပြီး ဖူလ်ဟမ်ကတော့ စနေနေ့က FA ဖလားကွာတားဖိုင်နယ်ပွဲကစားခဲ့ရတယ်။ ဒီတော့ ပွဲမပန်းဘဲ လန်းဆန်းနေပြီး ဧပြီ(၁)ရက်နေ့တွေဆိုရင် နိုင်ပွဲအမြဲရလေ့ရှိတဲ့ အာဆင်နယ်ကို ယုံကြည်တာပဲ ကောင်းပါတယ်။ အိမ်ရှင်အနိုင် (၂-၁)(၂-၀)လို ရလဒ်တွေကို ကြိုက်မိတယ်။

နော်တင်ဟမ်ဖောရက်စ် - မန်ယူနိုက်တက်
(ပရီးမီးယားလိဂ်)
(2 April 2025/ 1:30 am)

နော်တင်ဟမ်ဖောရက်စ်က အဆင့်(၃)မှာ (၅၄)မှတ်နဲ့ ရပ်တည်နေပြီး မန်ယူနိုက်တက်က အဆင့်(၁၃)မှာ ရမှတ်(၃၇)မှတ်နဲ့ ရပ်တည်နေတယ်။ မန်ယူနိုက်တက်က ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းအိမ်ကွင်းမှာ ဖောရက်စ်ကို (၂-၃)ဂိုးနဲ့ ရှုံးထားတာဆိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ ဖောရက်စ်ကို အိမ်ကွင်း/အဝေးကွင်း နှစ်ပွဲစလုံးမရှုံးအောင် ဒီပွဲမှာ ကစားရမယ်။

မန်ယူနိုက်တက်က သမိုင်းတစ်လျှောက်တွေ့ဆုံမှုတွေမှာ ဖောရက်စ်ကို အသာရခဲ့ပေမယ့်​ နောက်ဆုံးပရီးမီးယားလိဂ်(၂)ပွဲမှာတော့ အရှုံးပေးထားရတယ်။

ဖောရက်စ်မှာ ခြေစွမ်းပြနေတဲ့ ဂစ်၀ှိုက်နဲ့ ခရစ္စ၀ုဒ်တို့ ဒဏ်ရာပြဿနာရှိနေတယ်။ ဒါပေမယ့် သိပ်အများကြီးစိုးရိမ်စရာမဟုတ်လို့ ပထမစာရင်းမှာ မပါနိုင်ရင်တောင် အရန်စာရင်းမှာတော့ ပါလာကြမယ်ထင်တယ်။ ဒီပွဲအတွက် ဖောရက်စ်က မီဂွဲလ်တစ်ယောက်လောက်ပဲ သေချာပေါက်လွဲမယ်။

မန်ယူနိုက်တက်ကတော့ ထုံးစံအတိုင်း ဒဏ်ရာရစာရင်းမှာ လူများနေတုန်းပဲ။ အီဗန်စ်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အာမတ်၊ မေနူးတို့က ဆက်လွဲဦးမှာဖြစ်ပြီး ယိုရို၊ မက်ဂွဲယားတို့က မသေချာဘူး။ ​

ဖောရက်စ်က ဒီနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြန်ပြနေပြီး နောက်ဆုံးပြိုင်ပွဲစုံ(၅)ပွဲမှာ (၄)ပွဲနိုင်ထားတယ်။ FA ဖလားမှာ ပယ်နယ်တီအဆုံးအဖြတ်တွေနဲ့ ပြိုင်ဘက်တွေကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အထိ တက်ထားတယ်။ အနိုင်ရတဲ့ပွဲတွေထဲမှာ ချန်ပီယံမန်စီးတီးကို (၁-၀)နဲ့ နိုင်တဲ့ပွဲ၊ အစ်ဝစ်ချ်ကို (၄)ဂိုးသွင်းပြီး နိုင်တဲ့ပွဲတွေပါတယ်။

မန်ယူနိုက်တက်က နောက်ဆုံး(၂)ပွဲမှာ ဆိုစီဒက်ကို (၄-၁)ဂိုး၊ လက်စတာကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲတွေရပြီး အရှိန်ရပြီးမှ နိုင်ငံတကာပွဲတွေ၊ FA ဖလားပွဲတွေဝင်လာတာနဲ့ ပွဲဝေးသွားရတယ်။ လဝက်လောက် ပွဲမကစားရတော့ အနားရတဲ့ အားသာချက်ရှိသလို၊ အသင်းက အရှိန်ရထားတာ အရှိန်ပြန်သေသွားတဲ့အားနည်းချက်လည်း ရှိနေတယ်။

ဘာပဲပြောပြော ဒီရာသီ မန်ယူနိုက်တက်အသင်းရဲ့အနေအထားက အဝေးကွင်းတွေဆိုရင် စိတ်မချရဘူး။ ဖောရက်စ် လူစုံရင် မန်ယူနိုက်တက်ကို နိုင်ဖို့ မခဲယဉ်းဘူး။ တိုက်စစ်က အိုဒွိုင်း၊ ဂစ်ဘ်၀ှိုက်၊ အီလန်ဂါ၊ ၀ုဒ်တို့ လူစုံခဲ့ရင် မန်ယူနိုက်တက် အရှုံးနဲ့ ပြန်ရဖို့များတယ်။ ဒါကြောင့် ဒီပွဲလည်း အိမ်ရှင်ပဲ ရွေးချယ်ရမှာပါပဲ။ ဖောရက်စ်အနိမ့်ဆုံးသရေရလဒ်ရမယ်။ (၂-၁)(၃-၂)လို ရလဒ်တွေကို ပိုကြိုက်မိတယ်။