ဘရိုက်တန် - အက်စတွန်ဗီလာ
(ပရီးမီးယားလိဂ်)
(3 April 2025/ 1:15 am)
ဘရိုက်တန်က ရမှတ်(၄၇)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရပ်တည်နေပြီး ဗီလာက ရမှတ်(၄၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတယ်။
လက်ရှိမှာ ဘရိုက်တန်က အဆင့်အသာရနေပေမယ့် သမိုင်းတစ်လျှောက် ဒီနှစ်သင်းတွေ့ဆုံမှုတွေမှာတော့ ဗီလာက သိသိသာသာအသာရခဲ့တယ်။ ဗီလာက (၁၈)ပွဲနိုင်၊ ဘရိုက်တန်က (၆)ပွဲနိုင်ပြီး (၁၀)ပွဲက သရေကျခဲ့တယ်။ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုတွေမှာ မိမိအိမ်ကွင်းပွဲတွေမှာ အသီးသီးအနိုင်ရခဲ့ကြပြီး ဒီရာသီပထမအကျော့တွေ့ဆုံမှုမှာတော့ (၂-၂)ဂိုးစီသရေကျခဲ့ကြတယ်။
လက်ရှိမှာ ဘရိုက်တန်က ကစားသမားတွေ ဒဏ်ရာရတဲ့ပြဿနာကို ဆိုးဆိုးရွားရွားခံစားနေရတယ်။ မီလ်နာ၊ ဗဲ့လ်မန်း၊ လမ့်ပ်တေး၊ မက်ရှ်၊ ရက်တာအစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၁၀)ယောက်လောက်အထိကို အနားပေးထားရတယ်။ ဗီလာကတော့ ဒဏ်ရာပြဿနာသိပ်မရှိဘဲ ဘာကလေတစ်ယောက်လောက်ကိုပဲ အနားပေးထားရတယ်။
ဒီနှစ်သင်းရဲ့ Current Form ချင်းယှဉ်ကြည့်ရင်တော့ ဗီလာက နောက်ဆုံးပြိုင်ပွဲစုံ(၅)ပွဲမှာ ပွဲတိုင်းကို အနိုင်ကစားထားပြီး ခံစစ်က (၁)ဂိုးပဲပေးခဲ့ရတာတွေ့ရတယ်။ အဆန်စီယိုနဲ့ ရပ်ရှ်ဖို့ဒ်ကို အငှားခေါ်ယူခဲ့တာ နည်းပြအူနိုင်းအမ်မရီရဲ့အသင်းအတွက် အတော်ကိုအကျိုးရှိခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရစေခဲ့တယ်။ တိုက်စစ်က ဂိုးရဖို့ မပူရသလို ခံစစ်ကလည်း အကောင်းဆုံးအနေအထားတစ်ခုမှာ ရှိနေတယ်။
ဘရိုက်တန်က နောက်ဆုံး(၂)ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး မန်စီးတီး၊ ဖောရက်စ်တို့ကို သရေကစားခဲ့တာဖြစ်တယ်။ ပြိုင်ဘက်အသင်းတွေရဲ့အနေအထားနဲ့ ချိန်ထိုးကြည့်ရင်တော့ နှစ်သင်းစလုံး လက်ရှိခြေစွမ်းက အတက်ဘက်ရောက်နေတယ်လို့ ဆိုလို့ရတယ်။
ပုံမှန်အခြေအနေမှာ နှစ်သင်းကြားသိပ်မကွာပေမယ့် ဒဏ်ရာပြဿနာကို ရင်ဆိုင်နေရတဲ့ ဘရိုက်တန်အတွက် ပွဲချိန်အတွင်း အသင်းကိုလိုအပ်သလို အပြောင်းအလဲလုပ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ ဗီလာကိုပဲ ရွေးချယ်ချင်ပါတယ်။ ဗီလာအနိုင် (၂-၁)လိုရလဒ်မျိုးကို ကြိုက်မိတယ်။
လီဗာပူးလ် - အဲဗာတန်
(ပရီးမီးယားလိဂ်)
(3 April 2025/ 1:15 am)
လီဗာပူးလ်က ရမှတ်(၇၀)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အဲဗာတန်က ရမှတ်(၃၄)မှတ်နဲ့ အဆင့်(၁၅)ကို ရောက်နေတယ်။
မုန်တိုင်းကြောင့်ရွှေ့ဆိုင်းခဲ့ရတဲ့ ပထမအကျော့ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကမှ ဒီနှစ်သင်းကစားခဲ့ပြီး အဲဗာတန်ကွင်းမှာ (၂-၂)ဂိုးစီ သရေကျခဲ့ကြတယ်။ ပွဲပြီးခါနီးအဲဗာတန်ရဲ့ ချေပဂိုးအတွက် အောင်ပွဲခံရာကနေ နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့တာကလည်း ဒီပွဲအတွက် အမှတ်တရပဲ။
ချန်ပီယံလိဂ်မှာ PSG ကို ပယ်နယ်တီနဲ့ ရှုံးပြီးထွက်၊ လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်ကို ရှုံးခဲ့ရတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ အပြည့်အ၀အာရုံစိုက်ပြီး ချန်ပီယံဆုကို စောစောစီးစီးအောင်ပွဲခံနိုင်အောင် ကြိုးစားလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။
ဒီပွဲမှာလည်း ပထမအကျော့က တင်းမာမှုတွေကြောင့် အဲဗာတန်ကို လီဗာပူးလ် မရမက အနိုင်ကစားမှာ သေချာတယ်။ အဲဗာတန်နဲ့ နောက်ဆုံးပွဲမှာ သရေကျခဲ့ပေမယ့် အိမ်ကွင်းပွဲတွေမှာဆိုရင် လီဗာပူးလ်က အဲဗာတန်ကို သိသိသာသာအသာရထားတယ်။
အဲဗာတန်ကို လီဗာပူးလ်နောက်ဆုံးအိမ်ကွင်း(၂၄)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ နောက်ဆုံးအိမ်ကွင်းတွေ့ဆုံမှု(၃)ပွဲစလုံးမှာလည်း လီဗာပူးလ်က (၂-၀)ရလဒ်တွေနဲ့ အနိုင်ရခဲ့တယ်။
အဲဗာတန်က လီဗာပူးလ်နဲ့ သရေကျပြီးနောက်ပိုင်း ရှုံးပွဲမရှိဘူးဆိုပေမယ့် နိုင်ပွဲ(၁)ပွဲပဲရှိပြီး (၄)ပွဲဆက်တိုက် သရေကျခဲ့တယ်။ အဲဗာတန်တိုက်စစ်က ပုံမှန်ဂိုးသွင်းနိုင်သူမရှိတာကြောင့် ဂိုးရဖို့ အခက်အခဲရှိတယ်။ ဒီပွဲမှာတော့ လီဗာပူးလ်ကို အဲဗာတန် အိမ်ကွင်းမှာလို တင်းခံနိုင်မယ်မထင်ဘူး။ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ရမယ့်ပွဲပါ။ လီဗာပူးလ်(၂-၀)(၃-၁)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။
Discussion