ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အဲဗာတန် - အာဆင်နယ်
(ပရီးမီးယားလိဂ်)
(5 April 2025/ 6:00 pm)

အဲဗာတန်က ရမှတ်(၃၄)မှတ်နဲ့ အဆင့်(၁၅)မှာ၊ အာဆင်နယ်က ရမှတ်(၆၁)မှတ်နဲ့ အဆင့်(၂)နေရာမှာ အသီးသီးရပ်တည်နေကြတယ်။

အဲဗာတန်က လက်ရှိပရီးမီးယားလိဂ်မှာ (၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်နေပြီး (၄)ပွဲသရေကျကာ နောက်ဆုံးပွဲမှာ မြို့ခံပြိုင်ဘက်လီဗာပူးလ်ကို (၀-၁)ဂိုးနဲ့ ရှုံးခဲ့တာဖြစ်တယ်။

အဲဗာတန်အသင်းအနေနဲ့ နိုင်ပွဲပျောက်နေတာမှန်ပေမယ့် အိမ်ကွင်းပွဲစဉ်တွေမှာတော့ စပါးကို​အနိုင်၊ လီဗာပူးလ်၊ မန်ယူနိုက်တက်အစရှိတဲ့အသင်းတွေကို​ သရေရအောင် ခံကစားနိုင်ခဲ့တာတွေ့ရတယ်။

အဲဗာတန်မှာ ဒဏ်ရာရကစားသမားသိပ်မရှိဘဲ မန်ဂါလာ၊ ကယ်လ်ဗတ်လူဝင်၊ မက်နေးတို့လောက်ပဲ ဒီပွဲလွဲမှာဖြစ်ပြီး အာဆင်နယ်မှာတော့ ဒဏ်ရာရသူတွေများနေတယ်။ ဂျေးဆူ၊ တိုမီယာဆု၊ ကိုင်ဟာဗတ်ဇ်၊ ကာလာဖီအိုရီတို့က ပြန်မကစားနိုင်သေးဘဲ ဂါဘရီရဲလ်ကလည်း ရာသီကုန်အထိနားရတော့မယ်။ တင်ဘာ၊ ဘင်၀ှိုက်တို့ကလည်း မသေချာတာကြောင့် နည်းပြအာတီတာအတွက် နောက်တန်းမှာ လူရွေးဖို့ နည်းနည်းပြဿနာရှိနေတယ်။

အာဆင်နယ်အနေနဲ့ ဒီပွဲပြီးရင် ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့လည်း ရင်ဆိုင်ရဦးမယ်ဆိုတော့ ကစားသမားတွေထပ်ပြီး ဒဏ်ရာရရင် တစ်လုံးတည်းသောမျှော်လင့်ချက်ဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ပါ ဝေးသွားနိုင်တယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကို လိုက်ဖို့ ဖိဖိစီးစီးကြိုးစားမှာထက် ချန်ပီယံလိဂ်အိမ်ကွင်းပွဲအတွက် အာတီတာ အင်အားချန်၊ လူချန်ကစားမလားလို့ တွေးမိတယ်။

နည်းပြဒေးဗစ်မွိုက်စ်လက်ထက်မှာ ကစားပုံပြန်ကောင်းလာပြီး အသင်းကြီးတွေကို ခံကစားနိုင်တဲ့ အဲဗာတန် ဒီပွဲမှာ အာဆင်နယ်ရဲ့အားနည်းချက်တွေကို အခွင့်အရေးယူပြီး သရေရလဒ်ရအောင် ခံကစားနိုင်ဦးမယ်လို့ ထင်နေမိတယ်။ (၁-၁)(၂-၂)လို ရလဒ်တွေကိုပဲ ကြိုက်မိတယ်။

အက်စတွန်ဗီလာ - နော်တင်ဂမ်ဖောရက်စ်
(ပရီးမီးယားလိဂ်)
(5 April 2025/ 6:00 pm)

ဗီလာက ရမှတ်(၄၈)မှတ်နဲ့ အဆင့်(၇)မှာ ရပ်တည်နေပြီး ဖောရက်စ်က ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၃)မှာ ရပ်တည်နေတယ်။

နှစ်သင်းစလုံးက လက်ရှိမှာ Current Form ကောင်းတဲ့အသင်းတွေအဖြစ် ဗီလာက (၆)ပွဲဆက်တိုက်၊ ဖောရက်စ်က (၅)ပွဲဆက်တိုက်အနိုင်ရထားကြတယ်။

ဆက်တိုက်အနိုင်ရတာချင်းအတူတူ ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြပြီး နိုင်ပွဲတွေယူနိုင်ခဲ့တဲ့အပြင် ဒီ(၆)ပွဲမှာ Clean Sheet (၅)ပွဲယူနိုင်ခဲ့တဲ့ ဗီလာက ပိုချီးကျူးစရာကောင်းတယ်။ ဖောရက်စ်ကတော့ (၅)ပွဲဆက်တိုက်နိုင်တယ်ဆိုပေမယ့် FA ဖလားမှာ သရေရလဒ်တွေရပြီးမှ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အစ်ဝစ်ချ်၊ ဘရိုက်တန်တို့ကို အနိုင်ရခဲ့တာဖြစ်တယ်။

ရပ်ရှ်ဖို့ဒ်၊ အဆန်စီယို၊ ရော်ဂျာစ်အစရှိတဲ့ ကစားသမားတွေ ခြေစွမ်းပြနေပြီး မယ်လန်၊ ဝက်ကင်စ်အစရှိတဲ့ ခြေစွမ်းထက်တိုက်စစ်မှူးတွေရှိနေတဲ့ ဗီလာအသင်းက ​ဒဏ်ရာရသူလည်း သိပ်မရှိဘဲ ဘာကလေတစ်ယောက်လောက်ပဲ ဒီပွဲလွဲမယ်။ ဖောရက်စ်မှာက အိုင်နာ၊ မိုရီနိုတို့ ဒီပွဲလွဲပြီး အိုဒွိုင်း၊ ခရစ္စ၀ုဒ်အစရှိတဲ့ကစားသမားတွေလည်း မသေချာဘူး။

ခြေစွမ်းတက်နေတဲ့ ဒီနှစ်သင်းမှာ ဗီလာက တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း နည်းနည်းလေးပိုသာနေပြီး အိမ်ကွင်းမှာ ကစားရမယ့်အခွင့်အရေးလည်းရှိနေတယ်။ ဗီလာအနေနဲ့ အိမ်ကွင်းမှာ ဖောရက်စ်ကို မရှုံးတော့တာ ၁၉၉၄ ခုနှစ်ကတည်းကဖြစ်ပြီး (၈)ပွဲဆက်တိုက် အရှုံးမရှိအောင် ကစားနိုင်ခဲ့တယ်။

ဖောရက်စ်အနေနဲ့ ခြေစွမ်းပြနေတယ်ဆိုပေမယ့် ဒီနှစ်အတွင်း အဝေးကွင်းပွဲတွေမှာ ဘုန်းမောက်၊ ဖူလ်ဟမ်၊ နယူးကာဆယ်တို့ကို ရှုံးခဲ့တာတွေ့ရတယ်။

အားလုံးကို ချိန်ထိုးစဉ်းစားမယ်ဆိုရင်တော့ အိမ်ရှင်ဗီလာကိုပဲ ရွေးသင့်တယ်။ တစ်ခုရှိတာက ဒီပွဲပြီးရင် ပြင်သစ်မြေမှာ PSG နဲ့ သွားကစားရဖို့ရှိလို့ ဗီလာ အားကုန်ထုတ်ကစားပ့ါမလားဆိုတာပါပဲ။ ဒါကြောင့် ဗီလာအနိုင် ဂိုးရလဒ်မပြတ်သားတဲ့ (၂-၁)(၃-၂)လို ရလဒ်တွေကိုပဲ ကြိုက်မိပါတယ်။