ဘာစီလိုနာ - ရီးရဲလ်မက်ဒရစ်
(လာလီဂါ)
(11 May 2025/ 8:45 pm)
ဒီရာသီက El Clasico ဟန်ချက်မညီတဲ့ရာသီလို့ ပြောလို့ရတယ်။ ကစားထားတဲ့ (၃)ပွဲလုံး ဘာစီလိုနာက အနိုင်ရခဲ့တဲ့အပြင် လာလီဂါ ပထမအကျော့ပွဲကို ဘာနေဗျူးမှာ ကစားရပါလျက် ရီးရဲလ်မက်ဒရစ်က (၀-၄)ဂိုးနဲ့ ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ စပိန်စူပါဖလားဗိုလ်လုပွဲမှာလည်း (၂-၅)ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာသာ ရီးရဲလ်က ဘာစီလိုနာကို ပုံမှန်ပွဲချိန်အတွင်း သရေကစားနိုင်ခဲ့တာဖြစ်တယ်။
လက်ရှိအချိန်က ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက လောလောလတ်လတ်ထွက်ထားရချိန်ဆိုတော့ အိမ်ကွင်း El Clasico ပွဲစဉ်မှာ ပရိသတ်တွေကို နောက်ထပ်စိတ်မပျက်စေဘဲ နိုင်ပွဲရဖို့ အားကုန်ထုတ်ကစားမှာ သံသယဖြစ်စရာမရှိဘူး။
ဒီရာသီ လာလီဂါဒုတိယရာသီဝက်မှာ ဘာစီလိုနာက ပွဲတိုင်းနီးပါးကို အနိုင်ကစားထားပြီး ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတယ်။ ဒီ ၂၀၂၅ ခုနှစ်အတွင်းကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၁၅)ပွဲမှာ ဘာစီလိုနာအသင်းရမှတ်လျော့ခဲ့တာဆိုလို့ ဘက်တစ်နဲ့ သရေကျတဲ့ပွဲတစ်ပွဲပဲရှိပြီး ကျန်ပွဲ(၁၄)ပွဲစလုံးကို အနိုင်ကစားခဲ့တယ်။
ရီးရဲလ်က ဒီနောက်ပိုင်းလာလီဂါပွဲတွေမှာ နိုင်ပွဲတွေဆက်တိုက်ပြန်ရလာပေမယ့် တိုက်စစ်က ဂိုးသွင်းနှုန်းကျနေတဲ့ ပြဿနာရှိနေတယ်။ နောက်ဆုံးလာလီဂါ(၅)ပွဲမှာ (၁)ဂိုးပဲသွင်းနိုင်တဲ့ပွဲက (၄)ပွဲအထိရှိနေတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ အဓိကနောက်ခံလူတွေဒဏ်ရာရတဲ့ပြဿနာက သာမန်ပွဲတွေမှာ သိပ်မသိသာပေမယ့် တကယ့်အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေ၊ ကျဉ်းထဲကျပ်ထဲရောက်တဲ့အခါမျိုးမှာတွေမှာ သိသာတယ်ပြောရမယ်။ ဒီပွဲမှာလည်း ကာလရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ရာခွဲစိတ်မှုရှိနေတဲ့ ရူဒီဂါ၊ အလာဘာ၊ မန်ဒီအစရှိတဲ့နောက်ခံလူတွေမပါနိုင်ဘဲ ကာမာဗင်ဂါကလည်း မကစားနိုင်သေးဘူး။အရင်နားနေရတဲ့ ကာဗာဟယ်လ်၊ မီလီတာအိုတို့ကလည်း နားနေရဆဲပဲ။
ဘာစီလိုနာမှာက အဓိကကစားသမားထဲက ဒဏ်ရာရသူဆိုလို့ ခွန်ဒဲလောက်ပဲရှိပြီး ကျန်ကစားသမားတွေ လူစုံတက်စုံရှိနေတယ်။ လီဝန်ဒေါစကီးကလည်း အပြည့်အ၀ပြန်ကစားနိုင်နေပြီဆိုတော့ တိုက်စစ်က အားပြည့်အင်ပြည့်ရှိနေတယ်။
ဒါကြောင့် ဒီပွဲလည်း ဘာစီလိုနာကွင်းမှာ ရီးရဲလ်ရုန်းကန်ရဦးမှာပဲ။ လာလီဂါချန်ပီယံဆုအတွက် သေချာစေမယ့် ရမှတ်ပြည့်ကို ဘာစီလိုနာရအောင်ယူနိုင်မယ်လို့ ထင်မိတယ်။ ဘာစီလိုနာအနိုင် (၂-၁)(၃-၁)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။
လီဗာပူးလ် - အာဆင်နယ်
(ပရီးမီးယားလိဂ်)
(11 May 2025/ 10:00 pm)
လီဗာပူးလ်က ချန်ပီယံဖြစ်ပြီး ပထမဆုံးပွဲမှာပဲ ချယ်လ်ဆီးအသင်းကို ရမှတ်လှူလိုက်ပြီး (၁-၃)ဂိုးနဲ့ ရှုံးခဲ့တယ်။ လီဗာပူးလ်အနေနဲ့ ဒီပွဲမှာ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းလောက် အားမထုတ်ဘဲ သာသာယာယာ ကစားသွားတယ်ဆိုတာတော့ ငြင်းမရဘူး။
ဒါကြောင့် ဒီပွဲမှာ အာဆင်နယ်ကိုရော လီဗာပူးလ်ဖိဖိစီးစီးကစားပါ့မလားဆိုတာ တွေးစရာပဲ။ အာဆင်နယ်က ဒီပွဲပြီးရင် နယူးကာဆယ်နဲ့ကစားရဦးမှာဖြစ်ပြီး ဒီ(၂)ပွဲမှာ ရမှတ်လျော့ခဲ့ရင် မန်စီးတီးက ဒုတိယနေရာကို ရယူသွားမယ့် အန္တရာယ်ရှိနေတယ်။
လီဗာပူးလ်က ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိတာ (၁၅)ပွဲရှိပြီဖြစ်သလို အိမ်ကွင်းမှာ အာဆင်နယ်နဲ့ တွေ့ဆုံတဲ့ပြိုင်ပွဲစုံပွဲတွေမှာလည်း ရှုံးပွဲမရှိတာ (၁၅)ပွဲရှိပြီဖြစ်တယ်။
အန်ဖီးလ်ကွင်းပရီးမီးယားလိဂ်ပွဲတွေမှာ အာဆင်နယ်ကို လီဗာပူးလ်မရှုံးတာ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပြီး (၇)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တယ်။ ဒါကြောင့် ချယ်လ်ဆီးကို အဝေးကွင်းမှာ အမှတ်လှူခဲ့ပေမယ့် အိမ်ကွင်းမှာတော့ အာဆင်နယ်ကို ရှုံးပွဲတွေ့ရလောက်အောင် လီဗာပူးလ် ပေါ့ပေါ့လျော့လျော့ကစားမယ်မထင်ဘူး။
လီဗာပူးလ်မှာ နောက်ခံလူဂိုးမက်ဇ်ကလွဲလို့ ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေပြီး လူစုံနေတယ်။ အသင်းကထွက်မယ့် အာနိုးလ်နေရာမှာ ဘရက်ဒလေဝင်ကစားတာကလွဲလို့ လီဗာပူးလ်က အကောင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာနိုင်တယ်။ တိုက်စစ်မှူးတွေ ဒဏ်ရာရတဲ့ပြဿနာရှိနေတဲ့ အာဆင်နယ်ကတော့ ထရော့ဆာ့ဒ်ကို အထောင်ထားပြီး ဆာကာ၊ မာတင်နယ်လီတို့ရဲ့တောင်ပံတွေနဲ့ တိုက်စစ်ကို ထုံးစံအတိုင်း ခင်းကျင်းမှာပါ။
ချန်ပီယံဖြစ်ခဲ့တဲ့ပွဲအပြီး ပထမဆုံးကစားရမယ့်အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးလ်အသင်းအနေနဲ့ ပရိသတ်မျက်နှာမပျက်ရအောင် ကစားမယ်လို့ ယူဆမိတယ်။ နောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားတဲ့ အာဆင်နယ်ကလည်း ဒုတိယနေရာတည်မြဲရေးအတွက် ဒီပွဲမှာ ဆက်မရှုံးအောင် ရုန်းကန်ရမှာဖြစ်တယ်။ ဒါကြောင့် ဒီပွဲမှာ နှစ်သင်းစလုံးရည်ရွယ်ချက်ကိုယ်စီနဲ့ မရှုံးအောင်ကစားရင်း သရေကျမယ်လို့ ထင်နေမိတယ်။ (၁-၁)(၂-၂)လို ရလဒ်တွေကို တွေ့ရမယ့်ပွဲလို့ ခန့်မှန်းလိုက်ပါတယ်။
Discussion