နော်တင်ဂမ်ဖောရက်စ် - မန်စီးတီး
(8 March 2025/ 7:00 pm)

ဘရိုက်တန် - ဖူလ်ဟမ်
(8 March 2025/ 9:30 pm)

နော်တင်ဂမ်ဖောရက်စ် - မန်စီးတီး
(ပရီးမီးယားလိဂ်)

ဒီနှစ်သင်းက ရမှတ်(၁)မှတ်သာကွာခြားပြီး နော်တင်ဂမ်ဖောရက်စ်က ရမှတ်(၄၈)မှတ်နဲ့ အဆင့်(၃)နေရာ၊ မန်စီးတီးက ရမှတ်(၄၇)မှတ်နဲ့ အဆင့်(၄)နေရာတွေမှာ အသီးသီးရပ်တည်နေကြတယ်။

နောက်မှာ ချယ်လ်ဆီးကလည်း ရမှတ်(၄၆)မှတ်နဲ့ ကပ်ပြီး ရပ်တည်နေလို့ ဒီပွဲရှုံးတဲ့အသင်းက အဆင့်(၅)နေရာကို ဆင်းသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်။

​ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်စပိုင်းမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရခဲ့တဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် လက်ရှိအချိန်က ခက်ခဲတဲ့အချိန်လို့ဆိုရမယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ဘရိုက်တန်အသင်းကို အံအားသင့်ဖွယ်(၇-၀)ဂိုးရလဒ်နဲ့ အနိုင်ရပြီးနောက်ပိုင်း နော်တင်ဂမ်ဖောရက်စ်က ပြိုင်ဘက်အသင်းတွေကို ပုံမှန်မိနစ်(၉၀)အတွင်းအနိုင်မရခဲ့တာကို တွေ့ရပါတယ်။

FA ဖလားမှာ အက်ဇက်တာ၊ အစ်ဝစ်ချ်အစရှိတဲ့အသင်းတွေကို သရေကျလို့ ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်၊ နယူးကာဆယ်တို့ကိုရှုံး အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့တာပါ။

အသင်းရဲ့တိုက်စစ်မှာဂိုးမြူးနေတဲ့ နယူးဇီလန်တိုက်စစ်မှူးခရစ္စ၀ုဒ် ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးခန်းလာတာနဲ့အတူ ဖောရက်စ်အသင်းဒီနောက်ပိုင်းပွဲတွေမှာ ရုန်းကန်လာရပြီး နောက်တန်းကလည်း အာဆင်နယ်နဲ့ပွဲကလွဲလို့ ဂိုးတွေဆက်တိုက်ပေးနေရတယ်။

မန်စီးတီးအသင်းက ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်အစရှိတဲ့ အဓိကပြိုင်ဘက်အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး(၂)ပွဲမှာ စပါး၊ ပလိုင်မောက် (FA ဖလား)အစရှိတဲ့အသင်းတွေကို အနိုင်ကစားထားတယ်။ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းကလည်း ဒီရာသီမှာ ခြေစွမ်းထက်တဲ့အသင်းတွေ၊ အသင်းကြီးတွေနဲ့ကစားတဲ့ပွဲတွေဆိုရင် စိတ်မချရဘဲ ရလဒ်ဆိုးတွေ ကြုံတွေ့လေ့ရှိတယ်။

အလျော့ပိုင်းရောက်နေတဲ့နှစ်သင်းတွေ့တဲ့ပွဲဖြစ်ပြီး နှစ်သင်းစလုံးအတွက် ခက်ခဲနိုင်ပေမယ့် ခြေစွမ်းအကျပိုင်းကို ပိုရောက်နေတဲ့ အိမ်ရှင်အသင်းကြောင့် မန်စီးတီးကို ပိုကြိုက်မိတယ်။ မန်စီးတီး(၂-၁)လို ရလဒ်မျိုးနဲ့ ကပ်နိုင်မယ်လို့ ထင်နေမိတယ်။

ဘရိုက်တန် - ဖူလ်ဟမ်
(ပရီးမီးယားလိဂ်)

ဘရိုက်တန်နဲ့ ဖူလ်ဟမ်ကလည်း ရမှတ်တစ်မှတ်ပဲကွာပြီး ဘရိုက်တန်က ရမှတ်(၄၃)မှတ်နဲ့ အဆင့်(၈)နေရာ၊ ဖူလ်ဟမ်က ရမှတ်(၄၂)မှတ်နဲ့ အဆင့်(၉)နေရာတွေမှာ ရပ်တည်နေတယ်။

ဒီနှစ်သင်းကြားတွေ့ဆုံမှုတွေမှာ ထူးခြားတာက ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားစဉ်ကာလတစ်လျှောက်ဖူလ်ဟမ်အသင်းကို တစ်ကြိမ်မှ မနိုင်ဖူးတာပါပဲ။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက်၊ စပါး၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ နယူးကာဆယ်၊ ဗီလာအစရှိတဲ့ အသင်းကြီးတွေကို အနိုင်ရဖူးပေမယ့် သာမန်အသင်းတစ်သင်းဖြစ်တဲ့ ဖူလ်ဟမ်ကိုတော့ တစ်ကြိမ်မှ မနိုင်ဖူးတာပါ။

ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်တွေ့ဆုံမှု(၉)ကြိမ်မှာ ဘရိုက်တန်အသင်းက (၅)ပွဲရှုံး (၄)ပွဲသရေကျပြီး နိုင်ပွဲမရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီမှတ်တမ်းဆိုးကို ဒီရာသီမှာ ရပ်တန့်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

လတ်တလောမှာ ဘရိုက်တန်က ကစားသမားတွေအများအပြား ဒဏ်ရာရတဲ့ပြဿနာရှိနေတဲ့အပြင် အားထားရတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ လမ့်တေးကလည်း FA ဖလားပွဲက အနီကတ်ကြောင့် ပွဲပယ်ခံရဦးမယ်။ ဂျူလီယို၊ ဗဲလ့်မန်း၊ မီလ်နာအစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၅)ဦးလောက် ဒီပွဲမှာမပါနိုင်ဘဲ မီတိုမာ၊ ဒန့်၊ အိုရီလေး၊ စတီလီတို့ကတော့ ကြံခိုင်မှုပြည့်မပြည့် စစ်ဆေးခံပြီးမှ ကစားခွင့်ရမယ်။

ဖူလ်ဟမ်မှာလည်း ရီးစ်နယ်လ်ဆင်၊ တီတီ၊ ဟယ်ရီဝဲလ်ဆင်တို့ ဒဏ်ရာကြောင့်ဒီပွဲလွဲပြီး ဆားဘီးယားကွင်းလယ်လူလူကစ်ကလည်း (၅)ဝါပြည့်သွားလို့ ဒီပွဲပယ်ခံရမယ်။

ဘရိုက်တန်က လတ်တလော ခြေစွမ်းပြန်ပြနေပြီး ချယ်လ်ဆီးကို အနိုင်ရတဲ့(၂)ပွဲအပါအဝင် (၅)ပွဲဆက်အနိုင်ကစားထားတယ်။ ဖူလ်ဟမ်ကလည်း အဝေးကွင်းပွဲတွေဆိုရင် ခြေစွမ်းပြနေပြီး နောက်ဆုံးအဝေးကွင်း(၁၁)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ နောက်ဆုံးအဝေးကွင်း(၅)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။

ဒါကြောင့် အစဉ်အလာအတိုင်း ဖူလ်ဟမ်ကို ဘရိုက်တန်နိုင်ဖို့ မလွယ်သေးဘဲ ဒီပွဲလည်း သရေနဲ့ပဲ ပွဲပြီးမယ်လို့ ထင်နေမိတယ်။ (၁-၁)လို ဂိုးနည်းနည်းနဲ့ သရေရလဒ်မျိုးကို ကြိုက်မိတယ်။