အာဆင်နယ် - ချယ်လ်ဆီး
(ပရီးမီးယားလိဂ်)
(16 March 2025/ 8:00 pm)
အာဆင်နယ်က ရမှတ်(၅၅)မှတ်နဲ့ အဆင့်(၂)မှာ ရပ်တည်နေပြီး ချယ်လ်ဆီးက ရမှတ်(၄၉)မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေတယ်။
အာဆင်နယ်အနေနဲ့ အပေါ်ကို ထပ်တက်ဖို့ အခွင့်အရေးမရှိတော့ပေမယ့် နောက်မှာ တစ်မှတ်သာကွာတဲ့ ဖောရက်စ်ကြောင့် အဆင့်(၂)မှာတည်မြဲဖို့ နိုင်ပွဲရအောင် ကြိုးစားရမယ်။
ချယ်လ်ဆီးကလည်း နောက်မှာ အမှတ်မကွာတဲ့ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်တို့ကြောင့် ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်နေရာအတွက် နိုင်မှတ်ရဖို့ အရေးကြီးနေတယ်။
ချန်ပီယံလိဂ်မှာ သက်သောင့်သက်သာ ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်က (၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်နေတယ်။ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာရှုံး၊ ဖောရက်စ်နဲ့ မန်ယူနိုက်တက်ကို အဝေးကွင်းမှာ သရေကျထားတယ်။ ဒီတော့ လက်ရှိအဆင့်(၂)နေရာတည်မြဲဖို့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရအောင် ကြိုးစားရမယ့်အချိန်ဖြစ်တယ်။
အာဆင်နယ်မှာ ဒဏ်ရာရသူအသစ်မရှိဘဲ ဂျေးဆူ၊ ဆာကာ၊ ကိုင်ဟာဗက်ဇ်၊ တိုမီယာဆုတို့က ထုံးစံအတိုင်းဒီပွဲဆက်လွဲမယ်။ ချယ်လ်ဆီးမှာလည်း တိုက်စစ်က ဂျက်ဆန်၊ မက်ဂီအူ၊ မာဒူအက်ကေတို့လွဲမှာဖြစ်ပြီး လတ်ဗီးယား၊ ဂတ်စတိုတို့လည်း ဒီပွဲမသေချာဘူး။
ချယ်လ်ဆီးက နောက်ဆုံးပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက်နိုင်ပွဲရထားတယ်။ ဒါပေမယ့် အိမ်ကွင်းပွဲတွေ(၃)ပွဲတောင်ပါနေလို့ ရလဒ်တွေကောင်းနေတာဖြစ်ပြီး အဝေးကွင်းပွဲတွေ သက်သက်လေ့လာကြည့်ရင် ချယ်လ်ဆီးက အိမ်နဲ့အဝေးမှာ ကြေကွဲဝမ်းနည်းသူဖြစ်နေတာကို တွေ့ရတယ်။
နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာ (၄)ပွဲရှုံးခဲ့ပြီး (၁)ပွဲပဲ နိုင်တယ်။ ကွန့်ဖရန့်လိဂ်မှာ ကလေးဗိုလ်လုပ်ပြီး ပွဲတိုင်းနိုင်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ချယ်လ်ဆီးက လီဗာပူးလ်၊ နယူးကာဆယ်၊ မန်စီးတီး၊ ဗီလာအစရှိတဲ့အသင်းတွေကို အဝေးကွင်းတွေမှာ ရှုံးခဲ့ရတယ်။ အာဆင်နယ်နဲ့နောက်ဆုံးကစားခဲ့တဲ့ (၆)ပွဲမှာလည်း ချယ်လ်ဆီး တစ်ပွဲမှ မနိုင်ခဲ့တာတွေ့ရတယ်။
အာဆင်နယ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ လန်ဒန်ဒါဘီ ဝက်စ်ဟမ်းကို ရှုံးခဲ့ရပြီး ဒီပွဲမှာ နောက်ထပ်လန်ဒန်ပြိုင်ဘက်အသင်းကို မရှုံးအောင် ကြိုးစားရမှာပါ။ အိမ်ကွင်းအမ်းမရိတ်စ်မှာ အာဆင်နယ်အနေနဲ့ လန်ဒန်ပြိုင်ဘက်တွေကို တစ်ခါမှ နှစ်ပွဲဆက်မရှုံးဖူးပါဘူး။ အိမ်ကွင်းအားသာချက်၊ ထိပ်တိုက်တွေ့ဆုံမှုအားသာချက်၊ ခြေစွမ်းအားသာချက်တွေရှိနေတဲ့ အာဆင်နယ်ကိုပဲ ရွေးချယ်ရမှာပါပဲ။ အာဆင်နယ်(၂-၁)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။
လီဗာပူးလ် - နယူးကာဆယ်
(လိဂ်ဖလားဗိုလ်လုပွဲ)
(16 March 2025/ 11:00 pm)
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ဒီနှစ်သင်းက ရမှတ်(၂၃)မှတ်အထိတောင် ကွာဟနေပြီး လီဗာပူးလ်က အဆင့်(၁)၊ နယူးကာဆယ်က အဆင့်(၆)မှာ ရပ်တည်နေတယ်။
ဒီရာသီ ဒီနှစ်သင်းတွေ့ဆုံမှုမှာ နယူးကာဆယ်ကွင်းမှာ (၃-၃)ဂိုးသရေ၊ လီဗာပူးလ်က အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့ နိုင်ထားတယ်။
ချန်ပီယံလိဂ်မှာ PSG ကို ပြန်ရှုံးပြီး Round of 16 အဆင့်ကနေ လီဗာပူးလ်ထွက်ခဲ့ရတာက နယူးကာဆယ်အတွက် ကြီးမားတဲ့ကံဆိုးမိုးမှောင်မှုပဲ။ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတွေက ထွက်ခဲ့ရတဲ့ လီဗာပူးလ်အနေနဲ့ လိဂ်ဖလားကို စိတ်ပြတ်ပြတ်သားသားနဲ့ အရယူဖို့ ကြိုးစားမှာ သံသယဖြစ်စရာမရှိဘူး။ လက်ရှိချန်ပီယံအသင်းဖြစ်တာနဲ့အညီ ချန်ပီယံဆုကို ထိန်းသိမ်းပြီး နှစ်ပေါင်း(၄၀)အတွင်း ပထမဆုံးနှစ်ကြိမ်ဆက်ဖလားရဖို့လည်း ကြိုးစားကြမှာဖြစ်တယ်။
လီဗာပူးလ်မှာ ဂိုးမက်ဇ်၊ ဘရက်ဒလေတို့ ဒီပွဲလွဲမှာသေချာပြီး ကိုနာတေး၊ အာနိုးလ်တို့ကတော့ ကြံခိုင်မှုအခြေအနေအရ ၅၀-၅၀ ပဲ။ ကျန်ကစားသမားတွေကတော့ ကြံခိုင်မှုအပြည့်နဲ့ ဒီပွဲအတွက် အသင့်ရှိနေကြတယ်။ နယူးကာဆယ်မှာ ဒဏ်ရာရသူအသစ်မရှိဘဲ ဘော့မန်း၊ လက်ဆဲလ်၊ ဟောလ်တို့ပဲ ဒီပွဲလွဲမယ်။
နယူးကာဆယ်အတွက် ဆိုးတာတစ်ခုက အားထားရတဲ့ တောင်ပံတိုက်စစ်ကစားသမားဂေါ်ဒွန် ဒီပွဲပွဲပယ်ခံထားရတာပါပဲ။ ဒါကြောင့် နယူးကာဆယ်ဘယ်တောင်ပံမှာ ဘန်းစ်(သို့မဟုတ်)ဝီလ်ကော့ပွဲထွက်မှာဖြစ်ပြီး ကိုနာတေး၊ အာနိုးလ်တို့ မသေချာတဲ့ လီဗာပူး ညာတောင်ပံခံစစ်အတွက် နည်းနည်းအသက်ရှုပေါက်ချောင်စေတယ်ပြောရမယ်။
ဒီပွဲအတွက် နောက်တန်းကလွဲလို့ ကျန်နေရာတွေမှာ လီဗာပူးလ်လူစုံပြီး ချန်ပီယံလိဂ်အရှုံးကို ပြန်ကုစားဖို့ အသေအလဲကြိုးစားကြမှာအမှန်ပဲ။ နယူးကာဆယ်အနေနဲ့ လီဗာပူးလ်ကို သူတင်ကိုယ်တင်ခံကစားပြီး အနိုင်ရတယ်ဆိုတာလည်း ဒီနောက်ပိုင်းမရှိသလောက်ပဲ။ အမြင့်ဆုံး သရေရလဒ်လောက်ပဲ မြင်နေရတယ်။
နောက်ဆုံး(၁၀)နှစ်အတွင်း ဒီနှစ်သင်းတွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် လီဗာပူးလ်က (၁၂)ပွဲအထိ နိုင်ခဲ့ပြီး နယူးကာဆယ်က ဒီဆယ်စုနှစ်အတွင်း လီဗာပူးလ်ကို နိုင်ပွဲမရှိတာတောင် တွေ့ရတယ်။ ဒီဆယ်စုနှစ်အတွင်း အမြင့်ဆုံးရလဒ်က သရေ(၅)ပွဲပဲရှိတယ်။ နောက်ဆုံး(၈)ပွဲမှာဆိုရင် (၇)ပွဲအထိတောင် ရှုံးခဲ့တယ်။
ဒါကြောင့် ဒီပွဲက နယူးကာဆယ်ရဲ့ နှစ်ပေါင်း(၇၀)ကြာဖလားဝေးကွာမှုကို အဆုံံးသတ်ဖို့ မလွယ်ကူတဲ့ပွဲလို့ပဲ ဆိုရမယ်။ လီဗာပူးလ်ကိုပဲ ယုံကြည်ပြီး အားပေးချင်ပါတယ်။ လီဗာပူးလ်(၂-၀)(၃-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။
Discussion