လိုင်ယွန်-မန်ယူနိုက်တက်
(ယူရိုပါလိဂ်ကွာတားဖိုင်နယ်)
(11 April 2025/ 1:30 am)
လိုင်ယွန်က ပြီးခဲ့တဲ့ယူရိုပါလိဂ် Round of 16 အဆင့်မှာ နှစ်ကျော့ပေါင်းဂိုးအပြတ်ဆုံးအနိုင်ရတဲ့အသင်းအဖြစ် စတူအာဘူခါရက်စ်(FCSB)ကို (၇-၁)နဲ့ ကျော်ဖြတ်ခဲ့တယ်။ အုပ်စုအဆင့်မှာလည်း ဘက်ဆစ်တပ်စ်တစ်သင်းတည်းကိုသာ ရှုံးခဲ့တယ်။
မန်ယူနိုက်တက်ကတော့ ဒီပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တမ်းဝင်နေပြီး Round of 16 အဆင့်မှာ ဆိုစီဒက်ကို အဝေးကွင်းမှာ (၁-၁)ဂိုးသရေ၊ အိမ်ကွင်းမှာ (၄-၁)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်တယ်။
လိုင်ယွန်က ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ(၁၀)ပွဲမှာ (၈)ပွဲနိုင်ပြီး PSG နဲ့ စထရာဘော့တို့ကိုပဲ ရှုံးခဲ့တယ်။ အိမ်ကွင်းမာတဲ့ အသင်းပီပီ နောက်ဆုံးအိမ်ကွင်း(၄)ပွဲမှာ (၁၂)ဂိုးအထိသွင်းပြီး ဆက်တိုက်အနိုင်ယူခဲ့တယ်။
ဂျော်ဂျီယာတိုက်စစ်မှူးမာကူတာဇီက ခြေစွမ်းပြဂိုးတွေ ဆက်တိုက်သွင်းနေပြီး လာကာဇက်၊ ဖိုဖာနာ၊ ချာကီ၊ နွာမာအစရှိတဲ့ တိုက်စစ်မှူးတွေကလည်း ဂိုးတွေသွင်းယူပေးနေလို့ တိုက်စစ်အားကောင်းတဲ့အသင်းအဖြစ်ရှိနေတယ်။
မန်ယူနိုက်တက်က ယူရိုပါလိဂ်မှာ ရှုံံးပွဲမရှိဘူးဆိုပေမယ့် လတ်တလော အဝေးကွင်းရလဒ်တွေမကောင်းတာတွေ့ရတယ်။ နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာ တန်းဆင်းဇုန်ထဲက လက်စတာတစ်သင်းကိုပဲ အနိုင်ရတယ်။ စပါး၊ ဖောရက်စ်တို့ကို ရှုံးခဲ့တယ်။
လိုင်ယွန်မှာ နွာမာနဲ့ ဖိုဖာနာတို့နှစ်ဦးက ဒဏ်ရာကြောင့် ဒီပွဲလွဲမှာဖြစ်ပြီး မန်ယူနိုက်တက်မှာတော့ ထုံးစံအတိုင်း ဒဏ်ရာရသူများနေတယ်။ ဒီလစ်၊ မေနူးတို့က ကြံ့ခိုင်မှုပြည့်ရင် ပြန်ကစားခွင့်ရမယ်။
ဥရောပတွေ့ဆုံမှုတွေမှာ မန်ယူနိုက်တက်က လိုင်ယွန်ကို အသာရခဲ့တယ်ဆိုပေမယ့် လတ်တလောခြေစွမ်းအရတော့ ပြင်သစ်မြေမှာ မန်ယူနိုက်တက် ရုန်းကန်ရမှာသေချာတယ်။ လိုင်ယွန်က တိုက်စစ်ကောင်းပေမယ့် လက်ရှိနည်းပြဖွန်ဆီကာလက်အောက်မှာ ခံစစ်က ပေးဂိုးများခဲ့သလို ဖွန်ဆီကာထုတ်ပယ်ခံရပြီး ယာယီကိုင်တွယ်နေတဲ့ မာဆီယယ်အနေနဲ့လည်း ဒါကို မဖြေရှင်းနိုင်သေးဘူး။ ဒါကြောင့် ဒီပွဲက လိုင်ယွန်အနိမ့်ဆုံးသရေရလဒ်ရယူနိုင်မယ့်ပွဲဖြစ်ပြီး ဂိုးများမယ့်ပွဲလို့ ထင်နေမိတယ်။
စပါး - ဖရန့်ဖတ်
(ယူရိုပါလိဂ်ကွာတားဖိုင်နယ်)
(11 April 2025/ 1:30 am)
စပါးက Round of 16 အဆင့်မှာ AZ ကို အဝေးကွင်းမှာ (၀-၁)ဂိုးနဲ့ရှုံး၊ အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လာတာဖြစ်တယ်။ ဖရန့်ဖတ်ကလည်း ဒတ်ချ်အသင်းပဲ ဖြစ်တဲ့ အိုင်းယက်စ်ကို အဝေးကွင်းမှာ (၂-၁)၊ အိမ်ကွင်းမှာ (၄-၁)နဲ့ အနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်လာတာဖြစ်တယ်။
ဒီဖလားက ဒီရာသီမှာ စပါးနည်းပြပိုစတီကိုဂလူးရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ဖလားလို့လည်း ပြောလို့ရတယ်။ စပါးက ဒီရာသီမှာ ရလဒ်တွေဆိုးနေပေမယ့် ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာတော့ ရှုံးပွဲမရှိတာ အတော်ကြာခဲ့ပြီဖြစ်တယ်။ ဒီရာသီမှာလည်း ယူရိုပါလိဂ်အိမ်ကွင်း(၅)ပွဲမှာ (၄)ပွဲကိုအနိုင်ယူခဲ့ပြီး Clean Sheet တွေလည်း ရယူနိုင်ခဲ့တယ်။
ဖရန့်ဖတ်က အဝေးကွင်းတွေမှာ စိတ်မချရတဲ့အသင်းဖြစ်ပြီး နောက်ဆုံးအဝေးကွင်း(၁၀)ပွဲမှာ နိုင်ပွဲ(၃)ပွဲပဲရပြီး ရှုံးပွဲတွေများခဲ့တယ်။ လက်ရှိအသင်းမှာလည်း စပါးထက်စာရင် ဒဏ်ရာရသူတွေ ပိုများနေတယ်။
စပါးအနေနဲ့ ဖရန့်ဖတ်ကို ဥရောပထိပ်တိုက်တွေ့ဆုံမှုရလဒ်မှာ အသာရထားသလို ဒီပွဲမှာလည်း သူတို့ရဲ့အိမ်ကွင်းယူရိုပါလိဂ်ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းနိုင်မယ်လို့ ထင်နေမိတယ်။ ဒီရာသီကို ကယ်တင်ဖို့ ဒီဖလားတစ်လုံးတည်းကို အာရုံထားရမယ့် စပါး အိမ်ကွင်းနိုင်ပွဲရလဒ် ရယူနိုင်မှာပါ။ (၂-၁)လိုရလဒ်မျိုးကိုပဲ အကြိုက်တွေ့မိတယ်။
Discussion