ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု
■ အက်စတွန်ဗီလာအသင်းမှာ အငှားကစားနေတဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ဟာ လုပ်ခလစာလျှော့ယူပြီး နွေရာသီမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ဘာစီလိုနာအသင်းကလည်း ရပ်ရှ်ဖိုဒ့်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
■ အာဂျင်တီးနားကစားသမားဟောင်း ဒီမာရီယာက နွေရာသီမှာ ဘင်ဖီကာအသင်းက ထွက်ခွာမယ်လို့အတည်ပြုသွားခဲ့ပါတယ်။ ဒီမာရီယာဟာ နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘင်ဖီကာအသင်းအတွက် ပါဝင်ကစားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
■ ဥရောပထိပ်သီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူးဆက်စ်ကိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်တို့ဟာ နွေရာသီမှာ လိုက်ပ်ဇစ်အသင်း ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ လာမယ့်ရာသီဥရောပဝင်ခွင့်ဆုံးရှုံးခဲ့တာကြောင့် သူတို့နှစ်ဦးလုံးကို ထွက်ခွာခွင့်ပေးရဖွယ်ရှိနေတာဖြစ်ပါတယ်။
■ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်က လာမယ့်ရာသီအသင်းမှာ ဆက်ရှိဖို့အတွက် လုပ်ခလစာလျှော့ယူမယ်ဆိုပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမယ့် မိုဒရစ်ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။
■ ရာသီကုန်မှာ အဲဗာတန်အသင်းက ထွက်ခွာမယ့် အက်ရှ်လေယန်းဟာ အင်္ဂလန်နဲ့ ပြည်ပကလပ်အသင်းတွေရဲ့ချဉ်းကပ်မှုတွေကို ရရှိထားတယ်လို့သိရပါတယ်။ အက်ရှ်လေယန်းဟာ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘောလုံးကစားတာကနေ အနားယူဖို့ အစီအစဉ်မရှိသေးတာဖြစ်ပါတယ်။
■ အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်မှာထွက်ခွာဖွယ်ရှိနေတဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ရဲ့နေရာမှာအစားထိုးဖို့အတွက် လီဗာပူးလ်အသင်းဂိုးသမား ကယ်လီဟာကို စိတ်ဝင်စားနေပါတယ်။ ကယ်လီဟာကို ခေါ်ယူဖို့ ချယ်လ်ဆီး၊နယူးကာဆယ်နဲ့ ဘုန်းမောက်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။