■ မန်ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းတိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ ဇာဗီဆိုင်မွန်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၈၀)တောင်းဆိုနိုင်တာကြောင့် မန်ယူနိုက်တက်အသင်းအတွက် ဒီပြောင်းရွှေ့ကြေးပမာဏပေးချေဖို့ အခက်တွေ့နိုင်တာဖြစ်ပါတယ်။

■ အာဆင်နယ်အသင်းဟာ ဖီအိုရမ်တီးနားအသင်းမှာ ခြေစွမ်းပြသနေတဲ့ အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မွိုက်စ်ကိန်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

■ ဘက်တစ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ရှိနေပါတယ်။ ဘက်တစ်အသင်းဟာ အငှားလာရောက်ကစားရာမှာ ခြေစွမ်းပြသနေတဲ့ အန်တိုနီရဲ့အငှားစာချုပ်ကို သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကနောက်ခံလူတွေ ဒဏ်ရာရချိန်မှာ ပါဝင်ကစားပြီးခြေစွမ်းပြသနေတဲ့ စပိန်နောက်ခံလူ အဆန်စီယိုကို လာမယ့်ရက်သတ္တပတ်တွေအတွင်း ကာလရှည်စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။ အဆန်စီယိုနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ လိုင်လီကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့တစ်ပတ်လုပ်ခပေါင်(၁)သိန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ အငှားချထားတဲ့ တောင်ပံကစားသမား စတာလင်၊နောက်ခံ ဘင်ချီဝဲလ်တို့အပါအဝင် ကစားသမား(၁၁)ဦးကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖို့စီစဉ်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီကစားသမားတွေရောင်းချလို့ရတဲ့ ပြောင်းရွှေ့ကြေးတွေကို တိုက်စစ်မှူးသစ်ခေါ်ယူဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။