■ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အမှားအယွင်းတွေများနေတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို နွေရာသီမှာ ဆော်ဒီပရိုလိဂ်ထံ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ အိုနာနာရဲ့နေရာမှာအစားထိုးဖို့ ဂိုးသမားဆန်ခါတင်စာရင်းကို စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

■ အင်္ဂလန်အသင်းက အယ်လ်ဘေးနီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နယူးကာဆယ်အသင်းတောင်ပံကစားသမား ဂေါ်ဒွန်ဟာ အင်္ဂလန်အသင်းလူစာရင်းက နုတ်ထွက်ခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းထံ ပြန်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

■ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ လိုင်ယွန်အသင်းတိုက်စစ်မှူး ချာကီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၂၆ ခုနှစ်၊ဇွန်မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ချာကီဟာ နွေရာသီမှာ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

■ ဆီဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား မူဒရစ်ကို အငှားနဲ့ခေါ်ယူချင်နေတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။ ဒါပေမယ့် မူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ယာယီပွဲကစားခင့်ပိတ်ပင်ခံထားရပြီး ဒီအခြေအနေကိုဖြေရှင်းပြီးတာနဲ့ ဆီဗီလာအသင်းထံ ပြောင်းရွှေ့မှုကို ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းတောင်ပံကစားသမား ဒီယက်ဇ်ဟာ ရာသီအကုန်မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘာစီလိုနာအသင်းကလည်း ဒီယက်ဇ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ဘဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီး အပြောင်းအရွှေ့အတွက် လှုပ်ရှားလာနိုင်တာဖြစ်ပါတယ်။

■ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ခေါ်ယူဖို့အဆင်မပြေခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဒေါက်ကလပ်စ်လူးဝစ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ ဒေါက်ကလပ်စ်လူးဝစ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ပြန်ထွက်ခွာချင်နေတာဖြစ်ပါတယ်။