မနေ့က ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်(ဒုတိယအကျော့) ဖြစ်တဲ့ အက်သလက်တီကို-ဘာစီလိုနာပွဲမှာ ဧည့်သည့်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းက ကွင်းလယ်လူဖယ်ရန်တောရက်စ်သွင်းခဲ့တဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ်(၅-၄)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမအကျော့တုန်းက ဘာစီလိုနာကွင်းမှာ နောက်ကျဂိုးတွေနဲ့ (၄)ဂိုးအထိသွင်းပြီး (၄-၄)ဂိုးသရေရလဒ်ရယူခဲ့တဲ့ အက်သလက်တီကိုအသင်းဟာ အိမ်ကွင်း Metropolitano မှာတော့ ဘာစီလိုနာအသင်းဘက်ကို ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တောင်မရှိဘဲ အရှုံးပေးခဲ့ရတာပါ။

အင်္ဂါညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆိုစီဒက်အသင်းကို (၄-၄)ဂိုးသရေ (နှစ်ကျော​့ပေါင်း ၅-၄ ဂိုးနဲ့ အနိုင်ယူပြီး) ဗိုလ်လုပွဲတက်ခဲ့လို့ ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံတော့မှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီရာသီမှာ (၂)ကြိမ်ရင်ဆိုင်ခဲ့ကြပြီးဖြစ်ပြီး လာလီဂါပထမအကျော့နဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ကြတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ လာလီဂါပထမအကျော့ပွဲမှာ ဘာစီလိုနာအသင်းက လီဝန်ဒေါစကီး(၂ ဂိုး)၊ ယာမားလ်၊ ရာဖင်ညာတို့ရဲ့ဂိုးတွေနဲ့အတူ (၄-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး၊ စပိန်စူပါဖလားဗိုလ်လုပွဲမှာလည်း ယာမားလ်၊ လီဝန်ဒေါစကီး၊ ရာဖင်ညာ(၂ ဂိုး)၊ ဘယ်လ်ဒေးတို့ရဲ့ဂိုးတွေနဲ့အတူ ဘာစီလိုနာက (၅-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာမယ့် ဧပြီ(၂၆)ရက်နေ့မှာ ကစားရမယ့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို ရှုံးကြွေးဆပ်ဖို့ ကြိုးစားရမှာပါ။ ဒီဗိုလ်လုပွဲကို ဆီဗီးလ်မြို့က ဆီဗီလာအသင်းရဲ့ La Cartuja ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲကစားပြီး (၂)ပတ်အကြာ မေလ(၁၁)ရက်နေ့မှာ လာလီဂါဒုတိယအကျော့ပွဲအဖြစ် ဘာစီလိုနာကွင်းမှာ El Clasico ပွဲကို ထပ်ကစားရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီပွဲ(၂)ပွဲမှာ ရှေ့က ဂိုးပြတ်ရှုံးပွဲတွေအတွက် ရှုံးကြွေးဆပ်နိုင်ခြင်းရှိမရှိ ကြည့်ရမှာပါ။