မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို ဦးဆောင်ဂိုးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်ပေးခဲ့ရတဲ့ဂိုးတွေနဲ့အတူ(၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲချိန်(၃၄)မိနစ်မှာ ဒက်ကလန်ရိုက်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘုန်းမောက်အသင်းအတွက် ဒုတိယပိုင်း(၆၇)မိနစ်မှာ ဟွိုင်ဆန်၊ (၇၅)မိနစ်မှာ အီဗာနီလ်ဆင်တို့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် အာဆင်နယ်အသင်းအိမ်ကွင်းမှာ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီအတွင်း ဒီလိုဦးဆောင်ဂိုးတွေသွင်းယူပြီး အနိုင်ရနိုင်တဲ့အနေအထားကနေ ပြိုင်ဘက်ကို ချေပဂိုး/အနိုင်ဂိုးတွေပြန်ပေးပြီး ရမှတ်တွေဆုံးရှုံးရတာက(၂၁)မှတ်အထိရှိနေပါတယ်။

တကယ်လို့ ဒီ ရမှတ်တွေသာ မဆုံးရှုံးခဲ့ရင် အာဆင်နယ်အသင်းရဲ့ရမှတ်က လက်ရှိလီဗာပူးလ်အသင်းရဲ့ရမှတ်ထက်တောင် (၆)မှတ်အသာရနေမှာဖြစ်ပါတယ်။

လက်ကျန်ပွဲ(၃)ပွဲကစားဖို့ ကျန်နေချိန်မှာ အာဆင်နယ်အသင်းဟာ ဒုတိယနေရာမှာ ရမှတ်(၆၇)မှတ်နဲ့ ဆက်လက်ရပ်တည်နိုင်သေးပေမယ့် အဆင့်(၃)နေရာက မန်စီးတီးအသင်းနဲ့ ရမှတ်(၃)မှတ်သာကွာဟနေတာကြောင့် အဆင့်(၂)နေရာအတွက်ပါ စိတ်မချရတော့တဲ့အနေအထားကို ရောက်လာပါတယ်။

မနေ့က ကစားခဲ့တဲ့ပွဲတွေမှာ ဗီလာအသင်းက ဖူလ်ဟမ်ကို (၁-၀)ဂိုးနဲ့ နိုင်ပွဲရယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်ထားတဲ့ အသင်းစာရင်းက မထွက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စနေနေ့ပရီးမီးယားလိဂ်ပွဲရလဒ်များ

Aston Villa (1-0) Fulham
Everton (2-2) Ipswich
Leicester (2-0) Southampton
Arsenal (1-2) Bournemouth