ဒီတစ်ပတ်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးခဲ့ကြတဲ့ နာမည်ကျော်ကစားသမား(၂)ဦးရှိပါတယ်။ သူတို့နှစ်ဦးက ဥရောပက ထိပ်တန်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ အသီးသီးခြေစွမ်းပြကစားနေကြတဲ့ ဆာလာနဲ့ ရာဖင်ညာတို့ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမားရာဖင်ညာဟာ ဒီတစ်ပတ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘရာဇီးလ်(၃-၁)ကိုလံဘီယာပွဲမှာ ပယ်နယ်တီကနေ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် ဒီရာသီကလပ်နဲ့လက်ရွေးစင်အသင်းမှာ ဂိုးပါဝင်ပတ်သက်မှု စုစုပေါင်း(၅၀)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရာဖင်ညာဟာ ဒီရာသီအတွင်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ (၃၁)ဂိုးသွင်းပြီး (၁၉)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေထဲမှာ ရာဖင်ညာထက် ဂိုးပါဝင်ပတ်သက်မှုပိုများတဲ့ကစားသမားက လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာတစ်ဦးတည်းသာရှိပါတယ်။

မနေ့က အီသီယိုပီးယား(၀-၂)အီဂျစ်ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် ဆာလာရဲ့ ဒီရာသီဂိုးပါဝင်ပတ်သက်မှုက (၅၈)ဂိုးအထိ ရှိလာပါတယ်။ ဆာလာဟာ ဒီရာသီအတွင်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းမှာ (၃၅)ဂိုးသွင်းပြီး(၂၃)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

ဒီရာသီအတွင်း ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားစာရင်းမှာ ဆာလာနဲ့ ရာဖင်ညာတို့(၂)ဦးသာ ဂိုး(၅၀)နဲ့အထက် စွမ်းဆောင်နိုင်သူတွေအဖြစ်ရှိနေပြီး ကျန်ကစားသမားတွေကတော့ လက်ရှိမှာ ဂိုး(၅၀)အောက်သာ စွမ်းဆောင်ထားနိုင်ပါတယ်။

ဆာလာနဲ့ ရာဖင်ညာနောက် တတိယနေရာမှာ ဟာရီကိန်း(ဘိုင်ယန်မြူးနစ်/အင်္ဂလန်)က(၄၅)ဂိုးနဲ့ ရှိနေပြီး နောက်မှာ ဟာလန်း(မန်စီးတီး/နော်ဝေ)နဲ့ လီဝန်ဒေါစကီး(ဘာစီလိုနာ/ပိုလန်)တို့က (၄၁)ဂိုးစီနဲ့ အသီးသီးရပ်တည်နေပါတယ်။