မနေ့က ပေါ်တူဂီ(၅-၂)ဒိန်းမတ် UEFA Nations League ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာ ပေါ်တူဂီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဒီပယ်နယ်တီကို အသင်းခေါင်းဆောင် စီရော်နယ်ဒိုမကန်သွင်းမီ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အောင်ပွဲခံနေခဲ့ပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုရဲ့ကန်ချက်ကို ဒိန်းမတ်ဂိုးသမား ကတ်စပါရှမိုက်ကယ် ကာကွယ်နိုင်ခဲ့တာကြောင့် မကန်သွင်းမီမှာ အောင်ပွဲခံနေတဲ့ ဘရူနိုဖာနန်ဒက်စ်အပါအဝင် အသင်းဖော်တချို့ဟာ စိတ်ပျက်သွားခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ နိုင်ငံတကာအနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရချိန်မှာ ဒီလိုပယ်နယ်တီလွဲချော်ခဲ့တာက စီရော်နယ်ဒိုအတွက် စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။ စီရော်နယ်ဒို ပယ်နယ်တီလွဲချော်ပြီးနောက် ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ "ဒါက စီရော်နယ်ဒိုဆီကနေ မြင်ဖူးသမျှ အဆိုးရွားဆုံးပယ်နယ်တီကန်သွင်းချက်"၊"သူဟာ အနားယူရမယ့် စာရင်းထဲဝင်သွားပြီ"၊"စီရော်နယ်ဒို ဘာတွေမှားနေလဲဆိုပြီး "ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တိတ်ဆိတ်စေခဲ့ပါတယ်။စီရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ပေါ်တူဂီအသင်းအတွက် (၂၁၉)ပွဲပါဝင်ကစားထားအပြီးမှာ (၁၃၆)ဂိုးသွင်းယူထားတာပါ။ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဒိန်းမတ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် Nations League ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး အိမ်ရှင်ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ ယူရို-၂၀၁၆၊ ၂၀၁၉ Nations League ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုအတွက် တတိယမြောက်ဆုဖလားရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နေပါတယ်။