မနေ့က မန်စီးတီး(၂-၂)ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူကို ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီးအဝါကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဒေါသထွက်နေခဲ့ပါတယ်။

ဒီပွဲရဲ့ဒုတိယပိုင်းမှာ ဒိုကူဟာ ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကီရဲ့ဖျက်ထုတ်မှုကြောင့် ကွင်းထဲလဲကျသွားခဲ့ချိန်မှာ ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟူးပါးက ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး သူ့ကို ချက်ချင်း အဝါကတ်ပြသတိပေးခဲ့တာပါ။

ဒိုကူကို အဝါကတ်ပြသခဲ့တဲ့အပေါ် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ ဒေါသထွက်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟူးပါးထံ ချဉ်းကပ်ခဲ့ပါတယ်။ ဂွါဒီယိုလာက ဒိုကူအနေနဲ့ မခုန်ခဲ့ဘူးဆိုရင် ဘရိုက်တန်အသင်းနောက်ခံလူရဲ့ဖျက်ထုတ်မှုကြောင့် ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိသွားနိုင်တယ်လို့ ကွင်းလယ်ဒိုင်လူကြီးကို ရှင်းပြခဲ့ပါတယ်။

ဂွါဒီယိုလာက ဒိုကူဟာ ဒိုင်ဗင်ထိုးတတ်တဲ့သူမဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ ခုန်ခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၅)နေရာရပ်တည်နေပေမယ့် သူ့အနောက်မှာ ရပ်တည်နေတဲ့ နယူးကာဆယ်၊ ဘရိုက်တန်အသင်းတို့နဲ့ ရမှတ်ကွာဟမှု(၁)မှတ်သာ ရှိတော့တာပါ။

ဂွါဒီယိုလာက မန်စီးတီးအသင်းဟာ အဆင့်(၄)အတွင်းဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုတာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။