ဒင်းဟိုက်ဆန်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းကြေညာ
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၅၀)နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒင်းဟိုက်ဆန်ကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်အသုံးပြုသွားမှာပါ။
ဒတ်ချ်ဖွားစပိန်လက်ရွေးစင် ဒင်းဟိုက်ဆန်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊လီဗာပူးလ်၊အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဆုဖလားအားလုံးကို လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီးနောက် နွေရာသီမတိုင်မီ အသင်းရဲ့လူစာရင်းကို အားဖြည့်တဲ့အနေနဲ့ ဒင်းဟိုက်ဆန်ကို ပထမဆုံးခေါ်ယူနိုင်ခဲ့တာပါ။

အသက်(၂၀)နှစ်အရွယ်ရှိ ဒင်းဟိုက်ဆန်ဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် (၃၄)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ထပ်ခေါ်ယူမှုတွေအဖြစ် လီဗာပူးလ်အသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ့် ညာနောက်ခံလူ အာနိုးလ်နဲ့ ဘင်ဖီကာအသင်းဘယ်နောက်ခံလူ အယ်လ်ဗာရိုတို့ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီကုန်မှာထွက်ခွာမယ့် နည်းပြအန်ဆယ်လော့တီရဲ့နေရာမှာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။