ဘိုင်ယန်မြူးနစ်အသင်းက အော့စ်ဘတ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမား မူစီယာလာဟာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ဒီပွဲရဲ့ပွဲချိန်(၄၂)မိနစ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ မူစီယာလာဟာ ပွဲချိန်(၅၄)မိနစ်မှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် မူလာနဲ့ လူစားလဲခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာ အီဘာလ်က မူစီယာလာကို ကြည့်ရတာအဆင်ပြေတဲ့ပုံမပေါ်တဲ့အတွက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မူစီယာလာမတိုင်ခင်မှာ နောက်ခံလူတွေဖြစ်တဲ့ အီတို၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အူပါမီကာနို၊ဂိုးသမား နော်ယာနဲ့ တောင်ပံကစားသမားကိုးမန်းတို့ကို ဒဏ်ရာတွေကြောင့် အနားပေးထားရတာပါ။

မူစီယာလာဟာ ဒီရာသီမှာဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၈)ဂိုးသွင်းယူထားပြီး တိုက်စစ်မှူးဟာရီကိန်းပြီးရင် အသင်းရဲ့ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက သူတို့ဟာ ဒီရာသီမှာ မူစီယာလာမပါဝင်ဘဲ ပွဲအနည်းငယ်ကစားခဲ့ဖူးပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ပြီးရင် အတိအကျသိရမယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အော့စ်ဘတ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် လက်ကျန်ပွဲကစားဖို့(၆)ပွဲသာကျန်ရှိချိန်မှာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာရပ်တည်နေတဲ့ လေဗာကူဆင်အသင်းထက် (၁)ပွဲပိုကစားထားပြီး ရမှတ်(၉)မှတ်အသာရရှိကာ အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။