ဘရာဇီးလ်အသင်းဟာ ကြွက်သားဒဏ်ရာကြောင့် လူစာရင်းက နုတ်ထွက်ခဲ့တဲ့ ဆန်းတို့စ်အသင်းတောင်ပံကစားသမား နေမာရဲ့နေရာမှာ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အန်းဒရစ်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊အောက်တိုဘာက ဥရုဂွေးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီးနောက် ဘရာဇီးလ်အသင်းလူစာရင်းနဲ့ ဝေးကွာနေခဲ့တဲ့ နေမာဟာ (၁၇)လအကြာမှာ ပထမဆုံးအကြိမ်အဖြစ် လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။

ဒါပေမယ့် နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ဘရာဇီးလ်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ကို နောက်လာမယ့်နိုင်ငံတကာပွဲစဉ်အထိ ထပ်စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ နေမာက ဘရာဇီးလ်အသင်းအတွက် ကစားပေးချင်တဲ့ သူ့ရဲ့ဆန္ဒကို လူတိုင်းသိပေမယ့် ဒဏ်ရာကို အရှင်းပျောက်ကင်းစေဖို့အတွက် ဘယ်လိုစွန့်စားမှုကိုမှ မပြုလုပ်ဖို့ သဘောတူခဲ့တယ်လို့ သူ့ရဲ့Instagram မှာရေးသားခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ နေမာနုတ်ထွက်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်းကြီးအတွက် (၁၃)ပွဲပါဝင်ကစားကာ (၃)ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူး အန်းဒရစ်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။ ဘရာဇီးလ်အသင်းလူစာရင်းမှာ နေမာအပြင် မန်စီးတီးအသင်းဂိုးသမား အီဒါဆန်နဲ့ ဖလာမင်ဂိုအသင်းနောက်ခံလူ ဒန်နီလိုတို့လည်း ထွက်ခွာခဲ့တာပါ။

အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ သူတို့တွေရဲ့နေရာမှာ လိုင်ယွန်ဂိုးသမား လူးကပ်စ်ပါရီနဲ့ ဖလာမင်ဂိုနောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့ကို အစားထိုးခေါ်ယူခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် မတ်(၂၀)ရက်မှာ ကိုလံဘီယာ၊(၂၅)ရက်မှာ အာဂျင်တီးနားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။