ဒတ်ခ်ျအမှတ်ပေးဖလားနဲ့လွဲချော်ခဲ့ပြီးနောက် ကင်မရာကို ဝက်ဂ်ဟော့စ် ဖြတ်ရိုက်ခဲ့

အိုင်းယက်စ်အသင်းဟာ ဒတ်ခ်ျအမှတ်ပေးဖလားကို လွဲချော်ခဲ့ပြီးနောက် စိတ်ခံစားချက်တွေမကောင်းဖြစ်နေတဲ့ နယ်သာလန်တိုက်စစ်မှူးဝက်ဂ်ဟော့စ်ဟာ သူတို့ကို လာပြီးရိုက်ကူးမှုပြုလုပ်နေတဲ့ ကင်မရာကို ဖြတ်ရိုက်ခဲ့ပါတယ်။ အိုင်းယက်စ်အသင်းဟာ ဒတ်ခ်ျလိဂ်နောက်ဆုံးပိတ်ဆုံးပွဲစဉ်မှာ တွမ်တီးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ရာသီအဆုံးသတ်ခဲ့တာပါ။
အိုင်းယက်စ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးနေရာက PSV အသင်းလည်းအနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံဆုရယူနိုင်ဖို့ လုံလောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီနောက်ပိုင်း ဒတ်ခ်ျအမှတ်ပေးဖလားကို ရယူနိုင်ဖို့ အလွန်နီးစပ်ခဲ့တဲ့ အိုင်းယက်စ်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေပျောက်ပြီး ရလဒ်တွေဆိုးခဲ့တာပါ။ အဲ့ဒါကြောင့် အိုင်းယက်စ်အသင်းဟာ PSV အသင်းရဲ့ကျော်ဖြတ်ခြင်းကို ခံရကာ ဆုဖလားပါလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အိုင်းယက်စ်ကစားသမားတွေဟာ တစ်ဦးပခုံးပေါ်တစ်ဦးလက်တင်ကာ စိတ်ပျက်နေတဲ့ပုံစံနဲ့ ကွင်းထဲမှာ ရပ်နေခဲ့ကြတာပါ။ ဒီအချိန်မှာ ကင်မရာကသူတို့ကို အနီးကပ်ရိုက်ကူးမှုပြုလုပ်နေတဲ့အတွက် ဝက်ဂ်ဟော့စ်ဟာ ကင်မရာဘက်ကိုလှည့်ပြီး ဖြတ်ရိုက်ခဲ့တာဖြစ်ပါတယ်။ အိုင်းယက်စ်အသင်းနည်းပြဖာရီအိုလီဟာ ကွင်းထဲမှာ ငိုကြွေးမှုပြုလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
မန်ယူနိုက်တက်၊ဘက်ဆစ်တပ်နဲ့ ဟော်ဖန်ဟိမ်းအသင်းတွေမှာ အငှားကစားခဲ့တဲ့ ဝက်ဂ်ဟော့စ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဘန်လေအသင်းကနေ အိုင်းယက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဝက်ဂ်ဟော့စ်ဟာ ဒီရာသီမှာ အိုင်းယက်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။