ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံး(၁၀)ကြိမ်မှာ ၂၀၁၀ ကမ္ဘာ့ဖလားတစ်ကြိမ်သာခြေစစ်ပွဲအောင်ခဲ့တဲ့ နယူးဇီလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တော့ ဒုတိယမြောက်ခြေစစ်ပွဲအောင်တဲ့အသင်းအဖြစ် စောစောစီးစီး ပြိုင်ပွဲဝင်ခွင့်လက်မှတ်ရယူနိုင်ခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ သမုဒ္ဒရာပိုင်းဇုန် တတိယအဆင့်ခြေစစ်ပွဲ ဗိုလ်လုပွဲမှာ နယူးဇီလန်အသင်းက နယူးကာလီဒိုးနီးယားအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးခြေစစ်ပွဲအောင်လက်မှတ်ကို ရယူခဲ့တာပါ။

နယူးဇီလန်အသင်းရဲ့နာမည်ကြီးတိုက်စစ်မှူးခရစ္စ၀ုဒ်က ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ကိုလူစားလဲခဲ့တဲ့ (၅၄)မိနစ်နောက်ပိုင်း ကျန်ကစားသမားတွေက အနိုင်ဂိုး(၃)ဂိုးသွင်းယူကာ နိုင်ပွဲရှာဖွေပေးခဲ့ကြပါတယ်။
နယူးဇီလန်အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဖီဂျီအသင်းကို (၇-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အဲဒီပွဲမှာတော့ ခရစ္စ၀ုဒ်က ဟက်ထရစ်သွင်းပေးခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းဝင်အရေအတွက်တိုးလာတာနဲ့အညီ သမုဒ္ဒရာပိုင်းဇုန်အတွက် ဝင်ခွင့်တစ်နေရာအပြည့်ပေးခဲ့တာကြောင့်လည်း နယူးဇီလန်အသင်းအတွက် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရခဲ့တာပါ။
နယူးဇီလန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂)ကြိမ်သာယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ(၂)ကြိမ်စလုံး နယူးဇီလန်အသင်းအနေနဲ့ အုပ်စုအဆင့်ကနေသာ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးခြေစစ်ပွဲအောင်တဲ့အသင်းအဖြစ် ဂျပန်အသင်းက ပြီးခဲ့တဲ့ မတ်(၂၀)ရက်နေ့မှာ မှတ်တမ်းဝင်ခဲ့ပြီး အခု နယူးဇီလန်အသင်းက မတ်(၂၄)ရက်မှာ ဒုတိယမြောက် ခြေစစ်ပွဲအောင်တဲ့အသင်းအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ကို ရယူနိုင်ခဲ့တာပါ။
Discussion