ကနေဒါဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ နိုင်ငံတကာပွဲပါဝင်ကစားချိန်မှာ ရရှိခဲ့တဲ့ ညာဘက်ဒူးအရွတ်(ACL)ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်တဲ့အတွက် လပေါင်းများစွာ အနားယူရမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုခဲ့ပါတယ်။

အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ကနေဒါအသင်းက အမေရိကန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Concacaf Nations League တတိယနေရာလုပွဲရဲ့ပွဲချိန်အစောပိုင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်အပြင် ပြင်သစ်အသင်းအတွက် ပါဝင်ကစားရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ ဗဟိုနောက်ခံလူ အူပါမီကာနိုကိုလည်း ရက်သတ္တပတ်အများအပြားအနားပေးရတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အဓိကနောက်ခံလူတွေဖြစ်တဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ အူပါမီကာနိုတို့ကို လက်လွှတ်ရမှာက ကလပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်တယ်လို့ အားကစားဒါရိုက်တာရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဆုဖလား(၂)လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက လေဗာကူဆင်အသင်းကို ရမှတ်(၆)မှတ်အသာနဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုလာမယ့်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် မတ်(၂၉)ရက်မှာ စိန့်ပေါ်လီအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။