ဧပြီလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ မက်အလစ္စတာနဲ့ ဗစ်တော်ပါရဲရား
ပြီးခဲ့တဲ့ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုတွေကို ပုံမှန်အတိုင်းချီးမြှင့်ခဲ့ရာမှာ လီဗာပူးလ်ကွင်းလယ်လူမက်အလစ္စတာက အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခံခဲ့ရပြီး ၀ုလ်ဗ်အသင်းရဲ့ပေါ်တူဂီလူမျိုးနည်းပြဗစ်တော်ပါရဲရားက အကောင်းဆုံးနည်းပြဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
အာဂျင်တီးနားကွင်းလယ်လူမက်အလစ္စတာဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ (၂)ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့တာပါ။
မက်အလစ္စတာဟာ ဒီဆုကိုဆွတ်ခူးရရှိခဲ့တဲ့(၄)ယောက်မြောက် အာဂျင်တီးနားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အရင်က ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်တဲ့ အာဂျင်တီးနားကစားသမားတွေက အဂွဲရိုး(၇ ကြိမ်)၊ တီဗက်ဇ်၊ ဗာရွန်(၁ ကြိမ်စီ)တို့ဖြစ်ပြီး မက်အလစ္စတာကလည်း ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာပါ။
၀ုလ်ဗ်စ်အသင်းကို ၂၀၂၄ ဒီဇင်ဘာလမှစတင်တာဝန်ယူခဲ့တဲ့ နည်းပြဗစ်တော်ပါရဲရားက ဧပြီလအတွင်း၀ုလ်ဗ်စ်အသင်းကို ပရီးမီးယားလိဂ်(၅)ပွဲစလုံးနိုင်ပွဲရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
၀ုလ်ဗ်စ်အသင်းအနေနဲ့ ဧပြီလအတွင်းမှာ ဝက်စ်ဟမ်း၊ အစ်ဝစ်ချ်၊ စပါး၊ မန်ယူနိုက်တက်၊ လက်စတာအသင်းတို့ကို ဆက်တိုက်အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်(၁၃)အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဗစ်တော်ပါရဲရားအနေနဲ့ ဒီဆုကိုပထမဆုံးဆွတ်ခူးခဲ့တာဖြစ်ပြီး နူနိုဆန်တို၊ ဘရူနိုလာဂီတို့အပြီး တတိယမြောက်ဆွတ်ခူးရရှိတဲ့ ၀ုလ်ဗ်စ်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။