ဂျာမန်ဖလားပြိုင်ပွဲက ထွက်ခွာရပြီးနောက် လေဗာကူဆင်ပရိသတ်တွေနဲ့ ရှာကာ ဒေါသတကြီးအချင်းများ

လေဗာကူဆင်အသင်းဟာ တတိယတန်းကလပ် အာမီနီးယားဘီလီဖတ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ပြီး ဂျာမန်ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ကထွက်ခွာခဲ့ရပြီးနောက် လေဗာကူဆင်အသင်းပရိသတ်တွေနဲ့ ကွင်းလယ်လူရှာကာတို့ အချင်းများခဲ့ကြပါတယ်။

လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျာမန်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဂျာမန်တတိယတန်းကလပ်အသင်းကို အံ့အားသင့်ဖွယ်အရေးနိမ့်ပြီး ချန်ပီယံဆုကာကွယ်ခွင့်ကို ဆုံးရှုံးခဲ့ရတာပါ။

လေဗာကူဆင်အသင်းပရိသတ်တွေဟာ ဂျာမန်ဖလားပြိုင်ပွဲက အသင်းထွက်ခွာခဲ့ရတာကြောင့် ဒေါသထွက်နေပြီး ရှာကာက သူတို့ရဲ့ဒေါသတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်ထွက်ပေါ်လာတဲ့ရုပ်သံတွေမှာ လေဗာကူဆင်အသင်းပရိသတ်တွေဟာ ရှာကာကို လက်ညိုးထိုးစကားပြောနေခဲ့ပြီး ရှာကာကလည်း ပရိသတ်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိ ရှာကာဟာ ဒီပွဲစဉ်မှာ လေဗာကူဆင်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။

ရှာကာဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့ချိန်တုန်းကလည်း အာဆင်နယ်အသင်းပရိသတ်တွေနဲ့အဆင်မပြေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့ရသူပါ။ ရှာကာဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းရှုံးပွဲမရှိချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားပြိုင်ပွဲတွေမှာ အဓိကအရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဂျာမန်ဖလားပြိုင်ပွဲကထွက်ခွာခဲ့ရတာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ရဖို့ရှိနေတာပါ။

လေဗာကူဆင်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခွာထားရပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၆)မှတ်အကွာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။