ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ဆုံးဖြတ်ထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။
အယ်လ်နာဆာအသင်းဟာ ဂါဘရီရယ်လ်ကို အာဆင်နယ်အသင်းမှာ သူလက်ရှိရရှိနေတဲ့ လုပ်ခလစာထက်(၃)ဆနီးပါးဖြစ်တဲ့ တစ်နှစ်လုပ်ခလစာယူရိုသန်း(၂၀)ပေးပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတာပါ။

အယ်လ်နာဆာအသင်းဟာ ဂါဘရီရယ်လ်ကို ခေါ်ယူဖို့အတွက် ကနဦးဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၂၇ ခုနှစ်နွေရာသီအထိစာချုပ်ရှိနေတဲ့ ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ်လ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားနေပြီး အားကစားဒါရိုက်တာဖြစ်လာမယ့် ဘာဒါဟာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီး ဒီအခြေအနေကို ကိုင်တွယ်သွားဖို့ရှိနေတာပါ။
ဂါဘရီရယ်လ်အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆန်ပြီး ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ရင် အာဆင်နယ်အသင်းဟာ သူ့အတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)ဝန်းကျင် တောင်းဆိုသွားဖို့ရှိနေပါတယ်။ ဂါဘရီရယ်လ်ဟာ ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့တွဲဖက်ပြီး အာဆင်နယ်အသင်းရဲ့ခံစစ်ကို အကောင်းဆုံးကာကွယ်နေပြီး သူတို့နှစ်ဦးဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုနောက်ခံလူ အတွဲအဖက်တွေထဲက တစ်တွဲအဖြစ် သတ်မှတ်ခြင်းခံနေရတာပါ။

ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ်လ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၁)ပွဲပါဝင်ကစားထားပြီး (၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
Discussion