ဂါလာတာစာရေးအသင်းက ဖီနာဘာချီအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တူရကီဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြီး ကွင်းထဲမှာ ဂါလာတာစာရေးအသင်းနည်းပြဘူရက်ခ်ရဲ့နှာခေါင်းကို လက်နဲ့ညှစ်ခဲ့တဲ့ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ နောက်ထပ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။
ပွဲအပြီးမှာ မော်ရင်ဟိုနဲ့ ဘူရက်ခ်တို့ဟာ ဒီပွဲကိုကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေနဲ့ စကားပြောခဲ့ပြီးနောက် ဘူရက်ခ်ပြန်ထွက်ခွာချိန်မှာ မော်ရင်ဟိုဟာ အနောက်ကနေလိုက်ပြီး သူ့ရဲ့နှာခေါင်းကို လက်နဲ့ညှစ်ခဲ့တာပါ။
ဘူရက်ခ်ဟာ မော်ရင်ဟိုရဲ့လုပ်ရပ်ကြောင့် သူ့ရဲ့မျက်နှာကိုအုပ်ပြီး ကွင်းထဲလဲကျသွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီမြင်ကွင်းကနေ အဝေးကို ထွက်ခွာသွားခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းက မော်ရင်ဟိုဟာ သူတို့ရဲ့နည်းပြကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင်ဂါလာတာစာရေးအသင်းအကြီးအကဲတစ်ဦးက တူရကီဘောလုံးအဖွဲ့ချုပ်က အရေးမယူမီ ဖီနာဘာချီအသင်းက မော်ရင်ဟိုကို အရေးယူမှုပြုလုပ်မယ်လို့ ယုံကြည်ကြောင်းဆိုထားပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဂါလာတာစာရေးနဲ့ဖီနာဘာချီအသင်းတို့(၀-၀)ဂိုးစီသရေကျခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်အသုံးပြုခဲ့တာကြောင့် ပွဲပယ်နဲ့ ဒဏ်ကြေးငွေတွေချမှတ်ခြင်းခံခဲ့ရပါတယ်။ အခုအချိန်မှာလည်း မော်ရင်ဟိုဟာ ဘူရက်ခ်ကို လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူမှုတွေကို ထပ်ပြီးခံရဖွယ်ရှိနေပါတယ်။
မော်ရင်ဟိုအတွက်တော့ ပြိုင်ဘက်နည်းပြတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ခဲ့တာမဟုတ်ပါဘူး။ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ချိန် ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းလက်ထောက်နည်းပြဗီလာနိုဗာရဲ့မျက်လုံးကို လက်နဲ့နှိုက်ခဲ့တာကြောင့် အရေးယူခံခဲ့ရဖူးပါတယ်။
Discussion