မနေ့က ဆိုစီဒက်(၁-၁)မန်ယူနိုက်တက် ယူရိုပါလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို လူစားလဲခဲ့တာက သူပင်ပန်းနေတာကြောင့်နဲ့ ခံစစ်တာဝန်တွေကို အပြည့်အဝစွမ်းဆောင်နိုင်ခြင်းမရှိတဲ့အတွက်လို့ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ဂါနာချိုဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ဂိုးရနိုင်မယ့် ကန်သွင်းခွင့်တွေရခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။
နည်းပြအာမိုရင်ဟာ ပွဲချိန်(၇၈)မိနစ်မှာ ဂါနာချိုကို ကွင်းလယ်လူ အဲရစ်ဆင်နဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။ ဂါနာချိုဟာ လူစားလဲခံရချိန်မှာ အနည်းငယ်စိတ်ပျက်နေတဲ့ ပုံစံပြသခဲ့တာပါ။ အာမိုရင်က ဂါနာချိုကို လူစားလဲတာက ပင်ပန်းနေတာကြောင့်သာဖြစ်ပြီး အခြားအကြောင်းအရာတွေ မရှိဘူးလို့ ဆိုခဲ့ပါတယ်။

အာမိုရင်က "သူပင်ပန်းနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အကူးအပြောင်းတွေအများကြီးလုပ်ခဲ့တဲ့အတွက် တစ်ခါတစ်ရံမှာ ခံစစ်ကိုကူညီဖို့ သူနောက်ကျနေပါတယ်။ တစ်ခါတစ်ရံမှာ သူဟာ ကောင်းမွန်တဲ့အနေအထားမှာရှိနေပေမယ့် သူဟာ ပင်ပန်းနေတယ်လို့ ခံစားရပါတယ် "လို့ ဆိုခဲ့ပါတယ်။
ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်ဟာ ဂါနာချိုကို ဝေဖန်ခဲ့သလို တိုက်စစ်မှူး ဟွိုက်လန်းကို ဘောလုံးပေးပို့မှုမပြုလုပ်ခဲ့တဲ့ နောက်ခံလူ ဒါလော့ကိုလည်း ဝေဖန်ခဲ့ပါတယ်။ အာမိုရင်က ဒါလော့ရဲ့ဆုံးဖြတ်ချက်က အကောင်းဆုံးမဟုတ်ခဲ့ပေမယ့် ရှေ့ဆက်သွားရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Discussion