ဂါနာချိုကို အသင်းသစ်ရှာဖွေဖို့ နည်းပြအာမိုရင်ပြောခဲ့ကြောင်း သတင်းထွက်ပေါ်
မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို အသင်းမှာ အနာဂတ်မရှိတော့ဘဲ နွေရာသီမှာ အသစ်သစ်ရှာဖွေဖို့ ပြောခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းက စပါးအသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ သူ့ကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့တဲ့ နည်းပြအာမိုရင်ကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။
ဂါနာချိုဟာ ဗိုလ်လုပွဲမှာ ပွဲချိန်မိနစ်(၂၀)ပဲကစားခွင့်ရခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ နွေရာသီမှာ မန်ယူနိုက်တက်အသင်းကနေထွက်ခွာဖွယ်ရှိနိုင်တဲ့ အရိပ်အမြွက်ကို ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂါနာချိုရဲ့အစ်ကိုဖြစ်သူကလည်း သူ့ရဲ့ညီကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့တဲ့ နည်းပြအာမိုရင်ရဲ့ဆုံးဖြတ်ချက်ကို ပြစ်တင်ခဲ့သေးတာပါ။ အခုအချိန်မှာတော့ The Athletic က မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ဂါနာချိုကို နွေရာသီမှာ ထွက်ခွာခွင့်ပြုမယ်လို့ ဖော်ပြလာခဲ့ပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေကာလက ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က ကြိုးစားခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုမရခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ အသင်းနဲ့(၃)နှစ်စာချုပ်ကျန်ရှိနေတဲ့ တောင်ပံဂါနာချိုကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း(၆၀)ရရင် ရောင်းချသွားဖို့ရှိနေပါတယ်။
ဒီနေ့ကစားမယ့် မန်ယူနိုက်တက်-အက်စတွန်ဗီလာ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဂါနာချိုရဲ့အကြောင်းမေးမြန်းချိန်မှာ နည်းပြအာမိုရင်က နောက်ဆုံးပွဲကို အာရုံစိုက်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာမသိပေမယ့် သူတို့မှာအစီအစဉ်ရှိတယ်လို့ ဖြေသွားခဲ့တာပါ။ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်အနေနဲ့ ဂါနာချိုကို ဒီရာသီအသင်းရဲ့နောက်ဆုံးပွဲစဉ်မှာ အသုံးပြုဖွယ်ရှိ/မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။