၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပူးတွဲအိမ်ရှင် (၃)နိုင်ငံအပြင် ခြေစစ်ပွဲအောင်(၄)နိုင်ငံရှိလာတာကြောင့် ဝင်ခွင့်ရ(၄၈)သင်းမှာ (၇)သင်းအမည်စာရင်းထွက်ပေါ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်(၂၀)ရက်နေ့မှာ ဂျပန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးခြေစစ်ပွဲအောင်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မတ်(၂၄)ရက်နေ့မှာ နယူးဇီလန်၊ မနေ့က(မတ် ၂၅ ရက်နေ့မှာ)အီရန်၊ ဒီမနက်မှာ အာဂျင်တီးနားတို့က ဝင်ခွင့်လက်မှတ်တွေ အသီးသီးရရှိခဲ့ကြတာပါ။

မနေ့က ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ပွဲမှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ (၂-၂)ဂိုး သရေကျခဲ့ပြီးနောက် အီရန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လက်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

အီရန်အသင်းဟာ လာမယ့်ဇွန်လအတွင်း ကာတာ၊ မြောက်ကိုရီးယားအသင်းတို့နဲ့ အုပ်စုနောက်ဆုံးပွဲ (၂)ပွဲကစားဖို့ ကျန်နေသေးပေမယ့် အုပ်စုတွင်းရမှတ်အနေအထားအရ အုပ်စုပထမနေရာနဲ့ ဒုတိယနေရာတွေကို ရဖို့သေချာနေတာကြောင့် ဂျပန်၊ နယူးဇီလန်တို့အပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့ တတိယမြောက်အသင်းဖြစ်ခဲ့ပါတယ်။

ဒီမနက်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်(၁၄)မှာ ဘိုလစ်ဗီးယားအသင်းနဲ့ ဥရုဂွေးအသင်းတို့ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မကစားမီမှာပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လက်မှတ်ရသွားခဲ့ပါတယ်။

တကယ်လို့ ဒီပွဲရလဒ်ကို မကြည့်ရင်လည်း အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကို အိမ်ကွင်းမှာ (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် လိုအပ်တဲ့ရမှတ်ကိုရခဲ့ပြီး ဒီပွဲစဉ်(၁၄)အပြီးမှာပဲ ခြေစစ်ပွဲအောင်လက်မှတ်ကို သေချာပေါက်ရရှိမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ (၁၄)ကြိမ်ဆက်တိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်(၁၉)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။

၁၉၇၈ ခုနှစ်မှာ ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ကြိမ်မြောက်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

နယူးဇီလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၈၂ နဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာ (၂)ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ရမှာပါ။

ဂျပန်အသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ (၇)ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။