ဂျူဗင်တပ်စ်အသင်းဟာ နည်းပြဖြစ်သူ သီယာဂိုမော့တာကို ထုတ်ပယ်ပြီး သူ့ရဲ့နေရာမှာ လာဇီယိုအသင်းနည်းပြဟောင်း အီဂေါတူဒေါကို နည်းပြသစ်အဖြစ်အစားထိုးခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်နွေရာသီအထိ စာချုပ်ချုပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ ဖော်ပြထားပြီး သူဟာ လာမယ့် ဂျီနိုအာအသင်းနဲ့ စီးရီးအေပွဲစဉ်မတိုင်ခင်မှာ ဂျူဗင်တပ်စ်အသင်းကို စတင်ကိုင်တွယ်ဖွယ်ရှိနေတာပါ။

အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ရင် သူ့ရဲ့စာချုပ်ဟာ အလိုအလျောက်သက်တမ်းတိုးသွားမယ်လို့လည်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြရာထူးအတွက် ဇီဒန်းနဲ့ မန်ချီနီတို့ကို ကြီးမားတဲ့ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ခံလူဟောင်း အီဂေါတူဒေါကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ သီယာဂိုမော့တာကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေဆိုးရွားနေခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၂)ပွဲမှာ အတ္တလန်တာနဲ့ ဖီအိုရမ်တီးနားအသင်းတို့ကို ဂိုးပြတ်အရေးနိမ့်ပြီး စီးရီးအေအမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ်(၂၉)ပွဲကစားအပြီးမှာ (၁၃)ပွဲအထိ စံချိန်တင်သရေရလဒ်ထွက်ပေါ်ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့်(၄)နေရာက ဘိုလော့ဂ်နာအသင်းနဲ့ ရမှတ်(၁)မှတ်သာကွာဟတာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့လိုအပ်နေတာ ဖြစ်ပါတယ်။