UEFA Nations League ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲတွေက များပြားလှတဲ့သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး (၄)ပွဲမှာ (၃)ပွဲက နှစ်ကျော့ပေါင်းရလဒ်တူညီသွားခဲ့လို့ အချိန်ပိုအထိ ရောက်ခဲ့သလို၊ ဒီအထဲက (၂)ပွဲက ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။

ကွာတားဖိုင်နယ်(ဒုတိယအကျော့)(၄)ပွဲအနက် (၃)ပွဲမှာ နှစ်သင်းပေါင်း (၆)ဂိုးနဲ့အထက်သွင်းဂိုးတွေကို တွေ့မြင်ခဲ့ရပြီး စုစုပေါင်းသွင်းဂိုး(၂၁)ဂိုးအထိ ရှိခဲ့ပါတယ်။ ပထမအကျော့တုန်းက (၄)ပွဲပေါင်းမှ(၁၀)ဂိုးသာရှိခဲ့တာပါ။

စပိန်(၂-၂)နယ်သာလန်၊ ပြင်သစ်(၂-၀)ခရိုအေးရှားပွဲတွေက ပထမအကျော့ရလဒ်အတိုင်း ပြန်ထွက်ခဲ့တာကြောင့် အချိန်ပို၊ ပယ်နယ်တီအထိရောက်သွားခဲ့သလို ပေါ်တူဂီ(၃-၂)ဒိန်းမတ်ပွဲကလည်း နှစ်ကျော့ပေါင်း(၃-၃)ဂိုးနဲ့ မိနစ်(၉၀)ပြည့်ခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပါတယ်။ ဂျာမနီ(၃-၃)အီတလီပွဲမှာတော့ ဂျာမနီက(၃)ဂိုးပြတ်ဦးဆောင်တာကို အီတလီက နောက်ကနေ ချေပဂိုးတွေလိုက်သွင်းပြီး ပွဲပြီးသွားခဲ့လို့ မိနစ်(၉၀)အပြီးမှာပဲ အဖြေထွက်ခဲ့ပါတယ်။

ပထမအကျော့မှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ကြတဲ့ စပိန်နဲ့ နယ်သာလန်တို့ ဒုတိယအကျော့မှာလည်း မိနစ်(၉၀)အတွင်း(၂-၂)ဂိုးနဲ့ သရေကျခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပါတယ်။ အချိန်ပိုမှာ စပိန်အတွက် ယာမားလ်က ဦးဆောင်ဂိုးသွင်းခဲ့ပြီး နယ်သာလန်က ဇာဗီဆိုင်မွန်ရဲ့ပယ်နယ်တီနဲ့ ပြန်ချေပခဲ့တာကြောင့် (၃-၃)ဂိုးနဲ့ မိနစ်(၁၂၀)ပြည့်သွားခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း(၅-၅)ဖြစ်နေပြီး ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။ ပယ်နယ်တီမှာ စပိန်ဘက်က ယာမားလ်မဝင်ခဲ့ဘဲ နယ်သာလန်ဘက်က နိုအာလန်းနဲ့ မယ်လန်တို့ လွဲခဲ့တာကြောင့် ပယ်နယ်တီ(၅-၄)ဂိုးအနိုင်နဲ့ စပိန်​ ဆီမီးဖိုင်နယ်လက်မှတ်ရခဲ့ပါတယ်။

ပထမအကျော့မှာ ခရိုအေးရှားကို အဝေးကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်အသင်းက ဒုတိယအကျော့မှာ ဒီရလဒ်အတိုင်း ခရိုအေးရှားကို ပြန်အနိုင်ယူခဲ့ပါတယ်။ အိုလီဆေ၊ ဒမ်ဘီလီတို့က ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးခဲ့ကြပြီး ပွဲချိန်(၁၂၀)မိနစ်အထိ ရလဒ်မပြောင်းခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။ ပယ်နယ်တီမှာ ပြင်သစ်ဘက်က ခွန်ဒဲ၊ ဟာနန်ဒက်ဇ်တို့ မဝင်ခဲ့ဘဲ ခရိုအေးရှားဘက်က ဘာတူရီနာ၊ အိုင်ဗန်နိုဗစ်၊ စတာနစ်တို့ လွဲခဲ့တာကြောင့် ပယ်နယ်တီ(၅-၄)ဂိုးအနိုင်နဲ့ ပြင်သစ်​ ​ဆီမီးဖိုင်နယ်လက်မှတ်ရခဲ့ပါတယ်။

ပေါ်တူဂီ-ဒိန်းမတ်ပွဲကလည်း ဒိန်းမတ်ရဲ့ခံကန်အားကြောင့် ပေါ်တူဂီအတွက် လွယ်ကူတဲ့နိုင်ပွဲမဖြစ်ခဲ့ဘဲ အနိုင်ဂိုးတွေကို အချိန်ပိုရောက်မှ သွင်းခဲ့ရတာပါ။ ပုံမှန်ပွဲချိန်အတွင်း (၃-၂)ဂိုးနဲ့သာအနိုင်ရတာကြောင့် နှစ်ကျော့ပေါင်း(၃-၃)ဂိုးဖြစ်သွားခဲ့ပြီး အချိန်ပိုကစားခဲ့ရပါတယ်။ အချိန်ပိုမှာ ထရင်ကာအို၊ ဂွန်ဆာလိုရာမို့စ်တို့က ဂိုးတွေသွင်းခဲ့တာကြောင့် ပေါ်တူဂီ(၅-၂)ဂိုး(နှစ်ကျော့ပေါင်း ၅-၃ ဂိုး)နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။

ဂျာမနီ-အီတလီပွဲက ဂျာမနီရဲ့တဒိုင်းဒိုင်းတိုက်စစ်ဆင်မှုတွေနဲ့ ပထမပိုင်းမှာ (၃)ဂိုးပြတ်ခဲ့တာကြောင့် ဂျာမနီအတွက် လွယ်ကူမယ့်ပွဲလို့ ထင်စရာဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အီတလီက ချေပဂိုးတွေ သွင်းယူပြီး ပေါ်တူဂီ၊ ပြင်သစ်တို့လို ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မိနစ်(၉၀)ပြည့်ချိန်မှာ ချေပဂိုး (၃)ဂိုးသာပြန်သွင်းနိုင်ခဲ့ပြီး နောက်ထပ်လိုအပ်တဲ့တစ်ဂိုးကို မသွင်းနိုင်တော့တာကြောင့် နှစ်ကျော့ပေါင်း(၅-၄)ဂိုးနဲ့ ဒီအဆင့်မှာပဲ နိဋ္ဌိတံခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ပေါ်တူဂီ၊ စပိန်နဲ့ပြင်သစ်တို့ ဆုံတွေ့နေပြီး လာမယ့် ဇွန်လ(၄၊ ၅)ရက်တွေမှာ ဒီပွဲတွေကို ကစားသွားမှာပါ။ ဆီမီးဖိုင်နယ်ကို တစ်ကျော့တည်းသာကစားမှာဖြစ်ပြီး ဂျာမနီနိုင်ငံမှာ ကျင်းပမှာဖြစ်သလို ဗိုလ်လုပွဲကိုလည်း မြူးနစ်မြို့မှာ ဇွန်(၈)ရက်နေ့မှာ ကျင်းပမှာပါ။