ဂိုးသမားမိုင်ဂ်နန် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီးနောက် အေဘရာဟမ်ဆုတောင်းမှုပြုလုပ်နေတာကို မြင်တွေ့ခဲ့ရ

အေစီမီလန်အသင်းက အူဒီးနီးစ်အသင်းကို (၄-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းဂိုးသမား မိုင်ဂ်နန် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းဖော်တိုက်စစ်မှူး အေဘရာဟမ်ဟာ ဆုတောင်းမှုပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြင်သစ်ဂိုးသမား မိုင်ဂ်နန်ဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ဂိုးဧရိယာအပြင်ဘက်ထွက်ပြီး ဘောလုံးကိုခေါင်းတိုက်ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ အေစီမီလန်အသင်းဖော် အဲလက်စ်ဟီမီနက်ဇ်နဲ့ တိုက်မိခဲ့ပြီး ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တာပါ။

မိုင်ဂ်နန်ဟာ အသင်းဖော်နဲ့တိုက်မိပြီးနောက် သတိလစ်သွားခဲ့ပုံရတဲ့အတွက် နှစ်သင်းလုံးကစားသမားတွေဟာ ဆေးအဖွဲ့ကို ကွင်းအတွင်းအမြန်ဆုံးလာရောက်ဖို့ ခေါ်ခဲ့တာဖြစ်ပါတယ်။ မိုင်ဂ်နန်ကို ကွင်းအတွင်းမှာ မိနစ်အနည်းငယ်ကြာကုသမှုပြုလုပ်အပြီးမှာ ထမ်းစင်နဲ့ ကွင်းပြင်ကို သယ်ထုတ်သွားခဲ့ရတာပါ။ စိုးရိမ်စရာမြင်ကွင်းတွေကြားမှာ အရန်ခုံတန်းပေါ်ရှိနေတဲ့ အေစီမီလန်အသင်းတိုက်စစ်မှူး အေဘရာဟမ်ဟာ ဒူးထောက်ပြီး အသင်းဖော်မိုင်ဂ်နန်ရဲ့ကျန်းမာရေးအခြေအနေကို ဆုတောင်းမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

အီတလီမီဒီယာတွေက မိုင်ဂ်နန်ဟာ သတိရှိနေခဲ့ပြီး ကွင်းထဲကထွက်ခွာချိန်မှာ စကားပြောနေခဲ့တယ်လို့ ဖော်ပြထားတာပါ။ ဟီမီနက်ဇ်ကတော့ ပွဲကိုဆက်ကစားခဲ့ပေမယ့် နောက်ထပ်(၁၈)မိနစ်အကြာမှာ သူ့ကို အေစီမီလန်အသင်းက လူစားလဲမှုပြုလုပ်ခဲ့ပါတယ်။ အေစီမီလန်အသင်းနည်းပြကွန်ဆီကာအိုက မိုင်ဂ်နန်ထမ်းစင်နဲ့ထွက်ခွာချိန်မှာ လက်ခုပ်တီးမှုတွေပြုလုပ်ပေးခဲ့တဲ့ အူးဒီးနီးစ်အသင်းပရိသတ်တွေကို ပွဲအပြီးမှာ ချီးကျူးမှုပြုလုပ်ခဲ့တာပါ။

အေစီမီလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဒီရာသီစီးရီးအေပွဲစဉ်တွေကစားဖို့(၆)ပွဲကျန်ရှိတော့ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့(၆)မှတ်အကွာ အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။