ကိုယ်ကျိုးစီးပွားနဲ့ဆက်နွယ်သည်ဖြစ်စေ၊ မဆက်နွယ်သည်ဖြစ်စေ လွဲမှားတဲ့နိုင်ငံရေးခံယူချက်ရှိပြီး လူသားမဆန်တဲ့သွေးစွန်းအဖွဲ့အစည်းတွေဘက် ထောက်ခံရပ်တည်တဲ့သူတွေကို လူပီသတဲ့မှန်ကန်တဲ့အသိုင်းအဝန်းက စွန့်ခွာပစ်ပယ်တတ်တယ်ဆိုတာကို ဂျာမန်ကလပ်ဝါဒါဘရီမင်အသင်းက ပြသခဲ့ပါတယ်။

ဝါဒါဘရီမင်အသင်းဟာ အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ ဒီယေဂိုရီဘတ်စ်ရဲ့ဂုဏ်ပြုအထိမ်းအမှတ်ပွဲကစားဖို့ စီစဉ်ရာမှာ ရီဘတ်စ်ရဲ့အသင်းဖော် အိုဇေးလ်ကို မဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ရီဘတ်စ်ရဲ့အသင်းဖော်တွေကို ဒီပွဲအတွက် ဖိတ်ကြားရာမှာ အသင်းဖော်တစ်ဦးဖြစ်သူအိုဇေးလ်ကိုတော့ အစွန်းရောက်အဖွဲ့အစည်းGrey Wolvesနဲ့ ဆက်နွယ်မှုတွေကြောင့် မဖိတ်ကြားဖို့ ရီဘတ်စ်နဲ့ ဝါဒါဘရီမင်အသင်းတာဝန်ရှိသူတွေက သဘောတူခဲ့ကြတာပါ။

တူရကီနိုင်ငံသမ္မတအာဒိုဂန်နဲ့ အလွန်ရင်းနှီးတဲ့အိုဇေးလ်ဟာ လက်ယာအစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Grey Wolves အဖွဲ့နဲ့ လည်း ဆက်နွယ်မှုရှိသူဖြစ်ပါတယ်။ တူရကီအစွန်းရောက်အမျိုးသားရေးအဖွဲ့အစည်းဖြစ်တဲ့ Grey Wolves ဟာ ၁၉၈၁ ခုနှစ်တုန်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်II ကို လုပ်ကြံမှုအတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

အဲဒီတုန်းက အီတလီနိုင်ငံ၊ ဗာတီကန်စီးတီးမှာရှိတဲ့ စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်II ကို သေနတ်နဲ့ပစ်ပြီးလုပ်ကြံခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ပုပ်ရဟန်းမင်းကြီးဟာ အသက်ဘေးက ကင်းလွတ်ခဲ့ပြီး ဒဏ်ရာသာရခဲ့ပါတယ်။

ဒီလိုဆိုးရွားတဲ့သမိုင်းကြောင်းရှိတဲ့ အဖွဲ့အစည်းကို မရှောင်မလွှဲနိုင်ဘဲ ဆက်ဆံခဲ့တဲ့အိုဇေးလ်ကို ဂျာမန်အသိုင်းအဝိုင်းက စိတ်ပျက်နေကြပြီး ရီဘတ်စ်ရဲ့အထိမ်းအမှတ်ပွဲမှာ ချန်လှပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတာပါ။

အိုဇေးလ်ဟာ သူ့ရဲ့ရင်ဘတ်မှာ အဓိပ္ပာယ်ရှင်းလင်းပြတ်သားခြင်းမရှိတဲ့ တက်တူးပုံရေးထိုးထားပြီး မီဒီယာတချို့က ဒါက Grey Wolves အဖွဲ့ကို ကိုယ်စားပြုတာလို့လည်း ရေးသားခဲ့ကြပါတယ်။

အိုဇေးလ်ဟာ Grey Wolves အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့တစ်ဦးတည်းသော ဘောလုံးသမားတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတုန်းက တူရကီနောက်ခံလူဒီမီရယ်လ်က ဂိုးသွင်းအပြီးအောင်ပွဲခံရာမှာ လက်ကို ဝံပုလွေပုံစံ(Grey Wolves အဖွဲ့ကို ရည်ညွှန်းတဲ့အနေနဲ့)ပြုလုပ်အောင်ပွဲခံခဲ့လိ​ု့ (၂)ပွဲပယ် ပြစ်ဒဏ်ချခံခဲ့ရပါတယ်။