ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘာပေက သူနဲ့ ပြင်သစ်အသင်းဖော်ဟောင်း ဂရီးဇ်မန်းတို့ရဲ့ဆက်ဆံရေးဟာ ရှုပ်ထွေးမှုတွေရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် (၁၃၇)ပွဲပါဝင်ကစားပြီး (၄၄)ဂိုးသွင်းယူခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပြီးနောက် ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။

ဂရီးဇ်မန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြင်သစ်အသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့ပြီး ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂရီးဇ်မန်းအနားယူတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြင်သစ်မီဒီယာတွေက ဘာပေကို လက်ညိုးထိုးဝေဖန်မှုတွေရှိခဲ့တာပါ။ ဘာပေဟာ စပါးအသင်းဂိုးသမားဟောင်း ဟူဂိုလိုရစ် ပြင်သစ်အသင်းကနေ အနားယူပြီးနောက် ဂရီးဇ်မန်းကို ကျော်ကာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်မယ့် UEFA Nations League ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်သစ်အသင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဘာပေဟာ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ သူနဲ့ ဂရီးဇ်မန်းတို့ရဲ့ဆက်ဆံရေးအခြေအနေကို ဆိုခဲ့တာပါ။

ဘာပေက "ဂရီးဇ်မန်းနဲ့ ကျွန်တော်တို့ မကြာခဏ စကားပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းနှစ်သင်းဟာ မြို့တစ်မြို့ထဲမှာ ပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်နေတာကြောင့် ရှုပ်ထွေးမှုရှိတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း သူနဲ့ ကျွန်တော့်အကြား အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာတော့ ခင်ဗျားတို့ကို အာမခံနိုင်ပါတယ်"လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင်ဘာပေက ဂရီးဇ်မန်း အနားယူမယ့်အကြောင်းကို သိသလို ဘာကြောင့် အနားယူမယ်ဆိုတာကိုလည်း မိမိကို ရှင်းပြခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပြင်သစ်အသင်းလူစာရင်းထဲ ရွေးချယ်မခံခဲ့ရပေမယ့် မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
Discussion