"ဂူတစ်ဂူထဲ ခြင်္သေ့(၂)ကောင် မအောင်းဘူး"ဆိုတဲ့ဆိုရိုးစကားရှိသလို ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ဘာပေနဲ့ဗင်နီစီယပ်စ်တို့က ခြ​င်္သေ့(၂)ကောင်လို ဖြစ်လာပြီလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာပါတယ်။

တကယ်တော့ ဘာပေရော ဗင်နီစီယပ်စ်ပါ ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူးတွေဖြစ်ပြီး ဒီလို အကောင်းဆုံးတိုက်စစ်မှူး(၂)ဦးကို ပိုင်ဆိုင်ထားတာက ရီးရဲလ်မက်ဒရစ်အသင်းအတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်ကကြည့်ရင်လည်း ကစားပေါက်ချင်းတူနေတဲ့ကစားသမားနှစ်ယောက်ဖြစ်နေတဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီအနေနဲ့ ဒီကစားသမား(၂)ယောက်ကို ဘယ်လိုသုံးစွဲမလဲဆိုတာ ဒီအသင်းကို ဘာပေရောက်မလာခင်ကတည်းက ထွက်ပေါ်ခဲ့တဲ့မေးခွန်းဖြစ်ပါတယ်။

ဘာပေရော ဗင်နီစီယပ်စ်ပါ တိုက်စစ်မှူးတွေဆိုပေမယ့် ဘယ်တောင်ပံတိုက်စစ်ကိုအားသန်ကြသူတွေဖြစ်ပါတယ်။ မြန်နှုန်းမြင့်တိုက်စစ်မှူးတွေအနေနဲ့ နေရာလွတ်နည်းတဲ့ Tight spaces ထဲမှာ ဝင်တိုးကစားရတဲ့ ဗဟိုတိုက်စစ်နေရာထက် သူတို့အားသာတဲ့ မြန်နှုန်းမြင့် Speed နဲ့ ပြေးလွှားကစားရတဲ့ Wide Space ကျယ်ကျယ် တောင်ပံတိုက်စစ်နေရာတွေကို ပိုကြိုက်ကြပါတယ်။

မန်ယူနိုက်တက်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်(ဗီလာမှာ အငှားကစားနေသူ)ကတော့ သူဟာ ဗဟိုတိုက်စစ်နေရာထက် ဘယ်တောင်ပံ (left flank)တိုက်စစ်နေရာမှာ ကစားရတာကို ပိုကြိုက်တယ်လို့ လူသိရှင်ကြားပြောခဲ့ဖူးပါတယ်။

အန်ဆယ်လော့တီက ဘာပေနဲ့ ဗင်နီစီယပ်စ် နှစ်ဦးစလုံး တပြိုင်တည်း ပွဲထွက်တဲ့ပွဲတချို့မှာ မျှမျှတတဖြစ်အောင် နှစ်ဦးလုံးကို ရှေ့မှာထားပြီး (၄-၄-၂)ပုံစံပွဲထွက်လေ့ရှိပေမယ့် (၄-၂-၃-၁)(၄-၃-၂-၁)ကစားကွက်တွေ သုံးစွဲတဲ့အခါမျိုးမှာ ဘာပေက အထောင်နေရာမှာ ကစားရလေ့ရှိပြီး ဗင်နီစီယပ်စ်ကတော့ မူလဘယ်တောင်ပံမှာ ကစားရပါတယ်။

တစ်ခုရှိတာက ဘာပေရောက်လာတဲ့ ဒီရာသီမှာ ဗင်နီစီယပ်စ်ရဲ့လာလီဂါဂိုးသွင်းနှုန်းက သိသိသာသာလျော့ကျသွားတာပါ။ ပြီးခဲ့တဲ့ရာသီက တစ်ပွဲပျမ်းမျှသွင်းဂိုး(၀.၅၈)ဂိုးရှိခဲ့ပေမယ့် ဒီရာသီမှာတော့ (၀.၄၅)ဂိုးအထိ ကျသွားခဲ့ပါတယ်။

နောက်တစ်ခုက ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းမှာ လာလီဂါဂိုးအများဆုံးအဖြစ် ဂိုး(၂၀)သွင်းထားတဲ့ ဘာပေအနေနဲ့ သူသွင်းထားတဲ့ဂိုးအရေအတွက်တစ်ဝက်လောက်က ကွင်းထဲမှာ ဗင်နီစီယပ်စ်မရှိတဲ့အချိန်သွင်းခဲ့တာပါ။ တစ်နည်းဆိုရရင် ဘာပေအနေနဲ့ တိုက်စစ်မှာ ဗင်နီစီယပ်စ်နဲ့တွဲကစားရထက် သူ့ဘာသာသူ လွတ်လွတ်လပ်လပ်ကစားရတာကို ခြေပိုတွေ့နေတဲ့သဘောပါပဲ။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ကာပယ်လိုကတော့ ဒီကစားသမား(၂)ဦးကွင်းထဲမှာ အတူတွဲကစားတာက ကစားပေါက်ထပ်၊ ကစားကွက်ကျပ်စေပြီး အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ဂူတစ်ဂူတည်းမှာ ရှိနေတဲ့ ခြင်္သေ့(၂)ကောင်ကို အန်ဆယ်လော့တီ ဘယ်လို နိုင်နင်းအောင်ကိုင်တွယ်သွားမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ ...