ဒိန်းမတ်အသင်းက ပေါ်တူဂီအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒိန်းမတ်အသင်းတိုက်စစ်မှူး ဟွိုင်လန်းရဲ့'Siu' အောင်ပွဲခံမှုဟာ သူ့အတွက် ပြဿနာမရှိဘူးလို့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက တုံ့ပြန်ခဲ့ပါတယ်။
ဟွိုင်လန်းဟာ ဒိန်းမတ်အသင်းအတွက် အဖိုးတန်သွင်းဂိုးသွင်းယူပြီးနောက် သူ့ရဲ့idol ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့နာမည်ကြီးအောင်ပွဲခံဟန် 'Siu' အောင်ပွဲခံမှုပြုလုပ်ခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုဟာ ဒီအောင်ပွဲခံမှုကို ကွင်းလယ်စက်ဝိုင်းကနေ ကြည့်နေခဲ့တာပါ။

ဟွိုင်လန်းဟာ ပွဲအပြီးမှာ ဒီလိုအောင်ပွဲခံခဲ့မှုက စီရော်နယ်ဒိုကို လှောင်ပြောင်ဖို့ကြိုးစားခဲ့တာမဟုတ်ဘဲ သူဟာ စီရော်နယ်ဒိုရဲ့ကြီးမားတဲ့ ပရိသတ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ဒိန်းမတ်အသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ကွာတားဖိုင်နယ်ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ယှဉ်ပြိုင်ရဖို့ ရှိနေချိန် ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ စီရော်နယ်ဒိုဟာ ဟွိုင်လန်းရဲ့အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရပါတယ်။

စီရော်နယ်ဒိုက "ကျွန်တော့်အတွက် ဒါကပြဿနာမရှိပါဘူး။ ဒါက ကျွန်တော့်အပေါ်မှာ လေးစားမှုမရှိတာမဟုတ်ဘူးဆိုတာ သိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျွန်တော့်ရဲ့အောင်ပွဲခံမှုကိုပြုလုပ်တာက သူတစ်ဦးတည်းမဟုတ်ပါဘူး။ ဒါတွေက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ မနက်ဖြန်မှာ ကျွန်တော့်ရဲ့အောင်ပွဲခံမှုကို သူမြင်တွေ့နိုင်ဖို့မျှော်လင့်တယ်"လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုက ဒိန်းမတ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘယ်သူပဲဂိုးသွင်းသွင်း ပေါ်တူဂီအသင်းအနိုင်ရရှိတာကို သူလိုချင်ပြီး သူတို့အစွမ်းကုန်ကြိုးစားကြမှာဖြစ်လို့ ပရိသတ်တွေအတူရှိနေပေးဖို့တောင်းဆိုကြောင်းလည်း ပြောခဲ့ပါတယ်။
Discussion