ဒလိုင်းလားမားဆက်ခံရေးနဲ့ တရုတ်ရဲ့ တုံ့ပြန်မှု
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ၎င်း၏ အရိုက်အရာဆက်ခံသူသည် တရုတ်နိုင်ငံပြင်ပ "လွတ်လပ်သောကမ္ဘာ" တွင် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဆက်ခံသူရွေးချယ်ရေးလုပ်ငန်းစဉ်ကို ၎င်း၏ ကိုယ်ပိုင်အဖွဲ့အစည်းကသာ ဆောင်ရွက်မည်ဟု ကြေညာပြီးနောက် ဘေဂျင်းအစိုးရက ပြင်းထန်စွာ တုံ့ပြန်လိုက်သည်။ တရုတ်အစိုးရက အရိုက်အရာဆက်ခံသူသည် တရုတ်ဥပဒေများနှင့်အညီ "ရွှေကြုတ်" မဲနှိုက်ရွေးချယ်သည့် လုပ်ငန်းစဉ်မှတစ်ဆင့်သာ ဖြစ်ပေါ်လာရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ဤအငြင်းပွားဖွယ်ရာ အခြေအနေသည် တိဘက်ဗုဒ္ဓဘာသာ၏ အနာဂတ်ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ပြည်ပရောက် တိဘက်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ကြား ကာလရှည်ကြာ ဖြစ်ပွားနေသော သဘောထားတင်းမာမှုများကို ပိုမိုထင်ရှားစေခဲ့သည်။
ဒလိုင်းလားမား၏ အခွင့်အာဏာ အတည်ပြုချက်
ဇူလိုင်လ ၂ ရက်နေ့တွင်၊ ၁၄ ပါးမြောက် ဒလိုင်းလားမားက ၎င်း၏ အသက် ၉၀ ပြည့်မွေးနေ့မတိုင်မီ ရက်အနည်းငယ်အလိုတွင် ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။ ၎င်း၏ကြေညာချက်အရ၊ နောက်ဆက်ခံမည့် ဒလိုင်းလားမားကို ရွေးချယ်အသိအမှတ်ပြုရန် အခွင့်အာဏာသည် ဂါဒန်ဖိုဒရန် ထရပ်စ် (Gaden Phodrang Trust) တွင်သာ တည်ရှိသည်ဟု ဆိုသည်။
"အနာဂတ် လူဝင်စားပုဂ္ဂိုလ်ကို အသိအမှတ်ပြုရန် ဂါဒန်ဖိုဒရန် ထရပ်စ်တွင် တစ်ဦးတည်းသော အခွင့်အာဏာရှိကြောင်း ကျွန်ုပ်အနေဖြင့် ထပ်လောင်းအသိပေးအပ်ပါသည်။ ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် အခြားမည်သူ့ကိုမျှ အခွင့်အာဏာမရှိပါ။"
ဟု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်က ပြောကြားခဲ့သည်။
ဘေဂျင်း၏ တရားဝင်တုံ့ပြန်မှု
သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် (Mao Ning) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒလိုင်းလားမား၏ ရပ်တည်ချက်ကို ချက်ချင်းပယ်ချခဲ့သည်။ သူမက အရိုက်အရာဆက်ခံမှုသည် တရုတ်နိုင်ငံ၏ ဥပဒေများနှင့် ဘာသာရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် တိဘက်ဗုဒ္ဓဘာသာဝင်များ၏ ပြန်လည်ဝင်စားခြင်းဆိုင်ရာ ကိစ္စရပ်များကို အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းသည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ပအဖွဲ့အစည်းများ၏ "ဝင်ရောက်စွက်ဖက်မှု" ကို တားမြစ်ခဲ့သည်။
South China Morning Post (SCMP) သတင်းစာ၏ ဖော်ပြချက်အရ မော်နင်က "ဒလိုင်းလားမား၏ ပြန်လည်ဝင်စားခြင်းသည် ဘာသာရေးထုံးတမ်းစဉ်လာများနှင့် ဥပဒေများနှင့်အညီ ပြည်တွင်း အသိအမှတ်ပြုမှု၊ 'ရွှေကြုတ်' လုပ်ငန်းစဉ်နှင့် ဗဟိုအစိုးရ၏ အတည်ပြုချက် စသည့် အခြေခံမူများကို လိုက်နာရမည်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
"ရွှေကြုတ်" စနစ်သည် ၁၈ ရာစု ချင်မင်းဆက် (Qing dynasty) ကတည်းက တရုတ်ဘုရင်က လူဝင်စားပုဂ္ဂိုလ်လောင်းများကို မဲနှိုက်ရွေးချယ်သည့် စနစ်ဖြစ်သည်။ ထိုအချိန်မှစ၍ ၉ ပါး၊ ၁၃ ပါးနှင့် လက်ရှိ ၁၄ ပါးမြောက် ဒလိုင်းလားမားများမှလွဲ၍ ကျန်ဆက်ခံသူအားလုံးကို တရုတ်အစိုးရ၏ အတည်ပြုချက်ဖြင့် အသိအမှတ်ပြုခဲ့သည်။
ပန်ချန်းလားမား အရေးအခင်း၏ အရိပ်မည်း
နှစ်ဖက်အကြား ပဋိပက္ခသည် ယခုမှ အသစ်အဆန်းမဟုတ်ပေ။ ၁၉၉၅ ခုနှစ်တွင် ဒလိုင်းလားမားက တိဘက်ဗုဒ္ဓဘာသာတွင် ဒုတိယအရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ၁၁ ပါးမြောက် ပန်ချန်းလားမား (Panchen Lama) အဖြစ် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသိအမှတ်ပြုခဲ့သည်။
သုံးရက်အကြာတွင် အဆိုပါကလေးငယ်နှင့် သူ၏မိသားစုမှာ "ပျောက်ကွယ်သွားခဲ့ပြီး" ယနေ့တိုင် လူမြင်ကွင်းသို့ ပြန်ပေါ်မလာတော့ပေ။ ထို့နောက် ဘေဂျင်းအစိုးရက ၎င်းတို့စိတ်ကြိုက် ပန်ချန်းလားမားကို ခန့်အပ်ခဲ့ပြီး ထိုသူသည် တရုတ်ကွန်မြူနစ်ပါတီကို သစ္စာခံမည်ဟု ကတိပြုခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ဒလိုင်းလားမား အရိုက်အရာဆက်ခံမှုတွင် တရုတ်အစိုးရက မည်သို့ ကြားဝင်စွက်ဖက်နိုင်သည်ကို ပြသနေသည့် သာဓကတစ်ခုအဖြစ် ကျန်ရှိနေသည်။
"ဒလိုင်းလားမား နှစ်ပါး" ပေါ်ထွန်းလာနိုင်ခြေ
၁၉၅၉ ခုနှစ် တိဘက်အရေးအခင်းနောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒလိုင်းလားမားကို တရုတ်အစိုးရက "ခွဲထွက်ရေးသမား" အဖြစ် သတ်မှတ်ထားသည်။ ၎င်း၏ အရိုက်အရာဆက်ခံသူသည် တရုတ်နိုင်ငံပြင်ပ "လွတ်လပ်သောကမ္ဘာ" တွင် မွေးဖွားလာမည်ဟု ၎င်းက အတိအလင်း ပြောကြားထားသည်။
ဤအခြေအနေတွင် ကျွမ်းကျင်သူများက အနာဂတ်၌ ပြိုင်ဘက် ဒလိုင်းလားမား နှစ်ပါး ပေါ်ပေါက်လာနိုင်သည်ဟု သုံးသပ်ကြသည်။
"၁၄ ပါးမြောက် ဒလိုင်းလားမား ပျံလွန်တော်မူတဲ့အခါ သူ့နေရာမှာ ဒလိုင်းလားမား နှစ်ပါး ပေါ်ပေါက်လာမယ့် အခြေအနေမျိုးကို ကျွန်တော်တို့ မြင်တွေ့ရဖို့ အလွန်များပါတယ်" ဟု တိဘက်ရေးရာကျွမ်းကျင်သူ Robert Barnett က The Guardian သို့ ပြောကြားခဲ့သည်။ "တစ်ပါးက ဒလိုင်းလားမား ချန်ထားခဲ့တဲ့ ညွှန်ကြားချက်တွေအရ ရွေးချယ်ခံရပြီး နောက်တစ်ပါးကတော့ တရုတ်ကွန်မြူနစ်ပါတီက ရွေးချယ်မှာပါ။"