ဒီတစ်ခေါက် Akhayar ရဲ့ “THE STARTERS” ကဏ္ဍမှာ တင်ဆက်ပေးချင်တဲ့ Female Entrepreneur တစ်ယောက်ရှိပါတယ်။ သူမကတော့ အမှိုက်ကနေ ရွှေ ဆိုတဲ့ စကားပုံကို အကောင်အထည်ဖော်နေသူတစ်ဦးပါပဲ။ သူမရဲ့ Startup လုပ်ငန်းဟာ စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးတစ်ခုရှိလာအောင် Recycling လုပ်နိုင်အောင် ကြားထဲက ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဒီလိုလုပ်ငန်းမျိုးဟာ ရှားနေဦးမှာပါ။ ဒီတော့ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် ထူးထူးဆန်းဆန်းစိတ်ကူးစိတ်သန်းတွေနဲ့ ဒီလုပ်ငန်းကို ဘယ်လိုတည်ထောင်ခဲ့တာလဲသိရအောင် “RECYGLO” ရဲ့ CEO မရွှေယမင်းဦးနဲ့ အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အရင်ဆုံး “RECYGLO” နဲ့ မိတ်ဆက်ပေးပါဦး။
“RECYGLO” က မြန်မာနိုင်ငံမှာ စွန့်ပတ်အမှိုက်တွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ ရုံးခန်းတွေမှာရှိတဲ့ စွန့်ပစ်အမှိုက်တွေကို ကျွန်မတို့က ခွဲခြားပြီး အဲဒီ့စွန့်ပစ်ပစ္စည်းတွေကို Recycle လုပ်မယ့်နေရာတွေကို ပို့ဆောင်ပေးတယ်။ ပြီးရင်တော့ Report အနေနဲ့ Data တွေစုပြီး တစ်လကို ဒါမှမဟုတ် တစ်နှစ်ကို Waste တွေ ဘယ်လောက်ထုတ်လုပ်နေလဲဆိုတာကိုပါ Report တွေလုပ်နေပါတယ်။ နောက်တစ်ခုက Recycle လုပ်တဲ့နေရာမှာ ရောင်းချင်တဲ့သူတွေနဲ့ ဝယ်ချင်တဲ့သူတွေကို တွေ့ဆုံပေးတဲ့ Platform လေးတစ်ခုအနေနဲ့လည်း လုပ်နေပါတယ်။

အစ်မအနေနဲ့ “RECYGLO” ကို စတင်လုပ်ကိုင်ဖို့ ဘယ်လိုစိတ်ကူးမိခဲ့တာလဲ။
အဲဒီ့စိတ်ကူးကတော့ ကျွန်မတို့အိမ်မှာဆိုရင် စွန့်ပစ်အမှိုက်တွေရှိတယ်။ ကတ်ထူတို့၊ ရေသန့်ဘူးတွေရောပေါ့။ ကျွန်မတို့က အဲဒါတွေကို နောက်ဖေးမှာပဲ ပုံထားပြီးတော့ လာဝယ်မယ့်သူကို ခေါ်တော့လည်း မလာဘူး။ အဲဒီတော့ နောက်ဖေးမှာပဲ ဆက်ပြီးပုံထားချင်ပုံထား၊ မပုံထားချင်တော့တဲ့အခါ စည်ပင်ခေါ်ပြီး လွှတ်ပစ်လိုက်ရတော့တာပေါ့။ ဒါတွေကို Recycle လုပ်နိုင်တယ်ဆိုရင်တောင် တန်ဖိုးတစ်ခုရှိဦးမယ်။ ဒီတိုင်းပစ်လိုက်တော့လည်း သူ့ရဲ့တန်ဖိုးက ပျက်စီးသွားပြီ။ အဲဒီ့အခါမှာ ကျွန်မလည်း Recycle လုပ်တဲ့အမှိုက်တွေကို ဝယ်ချင်တဲ့သူတွေနဲ့ ရောင်းချင်တဲ့သူတွေ လွယ်လွယ်ကူကူခေါ်လို့ရအောင် Platform လေး စချင်လာတယ်။ အဲဒီ့ကနေပဲ စတင်ဖြစ်လာတာပါ။

ဒါဆို ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့အချိန်မှာ အကြီးမားဆုံးတွေ့ရတဲ့ စိန်ခေါ်မှုတွေဆိုရင် အစ်မအတွက် ဘာတွေဖြစ်မလဲ။
Skilled Labour ရှားပါးတာပါ။ Waste Management နဲ့ Recycling လို့ပြောလိုက်တာနဲ့ လူတော်တော်များများက ညစ်ပတ်တယ်ဆိုပြီး ဒီလုပ်ငန်းမျိုးက တခြားလူနည်းစုလုပ်တဲ့လုပ်ငန်းတစ်ခုလိုပါပဲ။ အဲဒီ့အခါ ဒီမှာလာလုပ်ဖို့ကို စိတ်မဝင်စားကြဘူး။ အဲဒါမျိုးလေးတွေလည်း ကြုံရတယ်။ နောက်တစ်ခုကတော့ Operation မှာဆိုရင် Logistic ပိုင်းတွေ၊ သယ်ယူပို့ဆောင်ရေးပိုင်းတွေလုပ်ရတာလည်းရှိတယ်။ နောက်တစ်ခုက Partner တွေနဲ့ ချိတ်ရတဲ့အခါမှာလည်း ကျွန်မတို့အတွက် Challenge တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Finance ပိုင်းပေါ့။ ကျွန်မတို့ဟာလည်း Startup လုပ်ငန်းဖြစ်တဲ့အတွက် အားလုံးဟာ Limit ရှိတယ်။ ဒီတော့ ကိုယ်သွားချင်တဲ့နေရာတစ်ခုကို သွားနိုင်ဖို့အတွက် ရှိနေတဲ့ Resource ကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ စိန်ခေါ်မှုလေးတွေတော့ ရှိပါတယ်။

အစ်မနဲ့ “RECYGLO” မှာ အလုပ်တွဲလုပ်ဖို့ လူတွေရှာဖွေတဲ့အခါ ဘယ်လိုစံနှုန်းမျိုးနဲ့ ရှာဖွေလေ့ရှိလဲ။
အမှန်အတိုင်းပြောရရင် ကျွန်မ Co-founder ရှာတဲ့အချိန်တုန်းက ဘာစံချိန်စံနှုန်းမှ မကြည့်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အရင်တုန်းက Solo Founder ဖြစ်နေတော့ ကိုယ်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုပြီး ဖြစ်နေတာဆိုတော့ ကျွန်မအတွက် တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ်ဖို့အတွက် ဘာစံနှုန်းမှ မကြည့်ခဲ့ဘူးလေ။ ဒါပေမယ့် တကယ်တမ်း လုပ်ငန်းတစ်ခုကိုလုပ်ရတာကြတော့ တကယ်လုပ်ချင်ရဲ့လား၊ တကယ်သေချာလား။ တကယ်လုပ်ချင်စိတ်ရှိတဲ့သူ၊ Commitment ပေးနိုင်တဲ့သူမျိုးကိုပဲ ကျွန်မက ရွေးထုတ်လိုက်ပြီးတော့ အတူတူလက်တွဲလုပ်ဆောင်ကြတာပေါ့။ အဲဒါကတော့ Co-founder ရွေးချယ်တဲ့အပိုင်းပါ။ ဝန်ထမ်းရွေးချယ်တာကတော့ နှစ်ပိုင်းရှိတယ်။ တစ်ခုက ကိုယ်က လိုအပ်လို့ ရွေးချယ်တာ။ နောက်တစ်ခုကတော့ သူတို့က ကိုယ့်ရဲ့ Organization ကိုကြိုက်လို့ Pitch လာလုပ်တာမျိုးပေါ့။ ကိုယ်လိုအပ်လို့ရွေးချယ်တဲ့အခါမှကျတော့ ကိုယ်လိုချင်တဲ့အရည်အချင်းတွေရှိမှလာပေါ့။ ကိုယ့်ရဲ့ Organization ကို Join ချင်တဲ့သူကျတော့ Basic အရည်အချင်းပဲကြည့်ပြီး သူတို့ အလားအလာရှိလား၊ တကယ်လုပ်ချင်လားအပေါ်မူတည်ပြီး စမ်းအလုပ်တွဲလုပ်ကြည့်တာမျိုးတွေရှိပါတယ်။

Entrepreneur တစ်ယောက်ဖြစ်ရတာ စိတ်ညစ်စရာကောင်းတဲ့အချက်ဆိုရင် အစ်မအတွက်က ဘယ်လိုအချက်တွေဖြစ်မလဲ။
ကျွန်မရဲ့ အခက်အခဲကကျတော့ အိမ်က ကျွန်မကို ပြောလို့မရဘူး။ အိမ်ကတော့ Uniform လေးနဲ့ ရုံးသွားမယ်၊ ရုံးပြန်မယ်။ ဒါကိုကြိုက်တာပေါ့။ ကျွန်မကျတော့လည်း ကျွန်မရဲ့ Idea၊ ကျွန်မလုပ်ချင်တဲ့စိတ်ကူးကို အကောင်အထည်ဖော်ရတာကို ပိုပြီးတော့ သဘောကျတယ်။ ကျွန်မက ဒါကိုယုံကြည်တယ်၊ ဒါပဲလုပ်မယ်ဆိုတဲ့အခါကျတော့ အိမ်က ဘာမှပြောလို့မရတော့ဘူး။ အချိန်ကတော့ မိသားစုနဲ့ လုပ်ငန်းကို ခွဲဝေပေးရတာပေါ့။ ကျွန်မက Single ပဲဆိုပေမယ့် မိဘတွေနဲ့ Keep in touch ဖြစ်ဖို့ စကားပြောပေးတာတို့၊ အိမ်ပြန်တာတို့ လုပ်ပေးရတာပေါ့။ တစ်ခါတလေ အလုပ်ထဲမှာ မျောသွားတဲ့အခါ Work-Life Balance ဖြစ်ဖို့တော့ ကြိုးစားရတယ်။ အဲဒါကတော့ ခက်ခဲတယ်။

နောက်ဆုံးအနေနဲ့ Entrepreneur ဖြစ်ချင်တဲ့လူတွေကို ဘာများ အကြံပေးချင်သေးလဲ။
ကျွန်မကတော့ ကိုယ် ဘယ်နေရာမှအားသာတာလဲဆိုတာ သိစေချင်ပါတယ်။ လူတိုင်းကတော့ Perfect မဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ပေးနိုင်တဲ့ Co-founder ရှိလား။ ရှိရင်လုပ်ပါ။ နောက်တစ်ခုကတော့ ကိုယ်တကယ် ဦးဆောင်နိုင်လား၊ အနစ်နာခံပေးဆပ်နိုင်လား။ အဲဒါတွေကို စဉ်းစားပြီးတော့မှ Entrepreneur Life ကို ရွေးချယ်စေချင်ပါတယ်။

ဒီဆောင်းပါးလေးကို ကြိုက်နှစ်သက်လို့ မရွှေယမင်းဦးနဲ့ Interview Video ကို ထပ်မံကြည့်ရှုချင်တယ်ဆိုရင်တော့ “THE STARTERS: RECYGLO” မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်နော်။

Moethaesay (Akhayar)