ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက ဟယ်ရီဒင်ညိုဆိုပြီး နာမည်ပြောင်အသစ်ပေးခဲ့တာကို သူနှစ်သက်တယ်လို့ ပွဲအပြီး TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
မက်ဂွဲယားဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းသွင်းယူခဲ့တဲ့အဖွင့်ဂိုးမှာ ဘီလ်ဘာအိုကစာသမားတစ်ဦးကို လိမ်ခေါက်ဖြတ်ကျော်ပြီး ဂိုးဧရိယာအတွင်းဝင်ကာ တင်ပေးခဲ့တဲ့ ဘောလုံးကို အူဂါတေးက ခေါင်းတိုက်ချပေးခဲ့တာကတဆင့် ကက်စီမီရိုကထပ်ပြီး ခေါင်းတိုက်အဆုံးသတ်ခဲ့တာပါ။
ပရိသတ်တွေဟာ မက်ဂွဲယားရဲ့ဒီလိုစွမ်းဆောင်မှုကို ဟယ်ရီဒင်ညိုဆိုပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဝေဖန်မှုအပြင်းအထန်ခံခဲ့ရတဲ့ မက်ဂွဲယားအတွက် ဒီနာမည်ပြောင်ဟာ သူ့ရဲ့မန်ယူနိုက်တက်အသင်းကစားသမားဘဝမှာ အကောင်းဆုံးနာမည်ပြောင်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
မက်ဂွဲယားက "ဒါကအလွန်ကောင်းတဲ့နာမည်ပြောင်ပါ။ ကျွန်တော့်အတွက် နာမည်ပြောင်အနည်းငယ်ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် နိုင်ပွဲက ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်ဟာ ယုံကြည်မှုအပြည့်နဲ့ ဖြတ်တင်ဘောတင်ခဲ့ပြီး ကက်စီမီရိုက အလွန်ကောင်းမွန်တဲ့ခေါင်းတိုက်ချက်နဲ့အဆုံးသတ်ခဲ့တာပါ။ ပွဲကမပြီးသေးတဲ့အတွက် ဒုတိယအကျော့မှာလည်း အကောင်းဆုံးလုပ်နိုင်ဖို့လိုပါတယ်"လို့ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က မက်ဂွဲယားဟာ ကောင်းမွန်တဲ့တောင်ပံကစားသမားဖြစ်ပြီး သူဟာခက်ခဲတဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် သူလုပ်တဲ့အရာအားလုံးဟာ အသင်းအတွက်ကောင်းမွန်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ လည်းမန်ယူနိုက်တက်အသင်းအတွက် အချိန်ပိုမှာ အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။