ဂျိုယေးဘာတန်ဆိုရင် လူငယ်ကစားသမားဘ၀မှာကတည်းက အသင်းဖော်အချင်းချင်း ခိုက်ရန်ဖြစ်ပွား၊ အနိုင်ကျင့်၊ ကလပ်အသင်းတွေမှာ ပြဿနာအမျိုးမျိုးမီးထွန်းရှာတတ်တဲ့ ညစ်တီးညစ်ကျယ်ကစားသမားတစ်ဦးဆိုတာ ဘောလုံးပရိသတ်အတော်များများသိကြပါတယ်။
သူက ကွင်းထဲမှာ ပြဿနာမရှာရရင် ကွင်းပြင်ပမှာ ပြဿနာရှာတတ်သူဖြစ်ပါတယ်။ အသက်(၄၂)နှစ်အရွယ်ကို ရောက်လာပေမယ့် ကစားသမားဘ၀တုန်းကလိုပဲ ဂျိုယေးဘာတန်က ပြဿနာကို မီးထွန်းရှာနေဆဲဆိုတာကို ပြသခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဝက်စ်မင်စတာတရားရုံးက သူ့ကို ဇနီးဖြစ်သူအပေါ် ရိုက်နှက်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှုကို (၂)ရက်ကြာစစ်ဆေးခဲ့ပြီးနောက် တရားသူကြီးက အပြစ်ရှိကြောင်းသုံးသပ်ခဲ့ပြီး သူ့ကို(၁၂)ပတ်ကြာ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဘာတန်အနေနဲ့ ဆိုင်းငံ့ထောင်ဒဏ်ကျခံရတာကြောင့် အမှန်တကယ် ချက်ချင်းထောင်ထဲဝင်ရမယ့် အရေးကနေ ကင်းလွတ်ခွင့်ရသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီပြစ်ဒဏ်ကို သူက မကျေနပ်နိုင်ဘဲ ဆိုရှယ်မီဒီယာမှာ (ပြစ်ဒဏ်ကျခံရမှုကို တုံ့ပြန်တဲ့သဘောနဲ့) စာသားတစ်ခုတင်ခဲ့ပါတယ်။
ဒီစာသားက "Tiocfaidh ar la" ဖြစ်ပြီး အိုင်ယာလန်ဘာသာစကားဖြစ်ပါတယ်။ Our day will come (ငါတို့ရဲ့နေ့ ရောက်လာမယ်)လို့ အဓိပ္ပာယ်ရပြီး ဒါက အိုင်ယာလန်ခွဲထွက်ရေးအဖွဲ့(IRA)က သုံးစွဲခဲ့တဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

၁၉၂၂ ခုနှစ်ကစပြီး ၂၀ ရာစုနှောင်းပိုင်းနှစ်တွေအထိ ဗြိတိန်ကို အကြီးမားဆုံးခြိမ်းခြောက်ခဲ့တဲ့ ဒီမျိုးချစ်အစွန်းရောက်အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်ကို ဒီလို ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့တာက ဂျိုယေးဘာတန်ကို စိတ်ဆိုးဒေါသထွက်သူအများအပြားထွက်ပေါ်လာစေခဲ့ပါတယ်။
အိုင်ယာလန်နိုင်ငံကို ဗြိတိန်လက်အောက်မှာ မရှိစေချင်လို့
နှစ်ပေါင်းကြာရှည် တိုက်ပွဲဝင်ခဲ့တဲ့ ခွဲထွက်ရေးအဖွဲ့ IRA ဟာ အင်္ဂလန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ဖူးပြီး အိုင်ယာလန်မှာလည်း ပြည်တွင်းစစ်ဖြစ်ပွားကာ အသက်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့ပါတယ်။

ဒါကြောင့် ဒီလို နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ IRA မျိုးချစ်အစွန်းရောက်တွေရဲ့ဆောင်ပုဒ်ကို တကူးတက ပြန်လည်ဖော်ထုတ်ရေးသားခဲ့တာ ဘာရည်ရွယ်ချက်လဲဆိုပြီး ဂျိုယေးဘာတန်အပေါ်မေးခွန်းတွေရှိနေသလို၊ ဆိုရှယ်မီဒီယာမှာလည်း သူ့ကို ပြစ်တင်ဝေဖန်သူတွေ အများအပြားရှိနေပါတယ်။
ကစားသမားဘ၀က အနားယူပြီး နည်းပြတစ်ဦးဘဝကို ကူးပြောင်းနေပြီဖြစ်ပေမယ့် ဂျိုယေးဘာတန်က ပြဿနာလူသားတစ်ဦးအဖြစ်ရှိနေဆဲဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
Discussion