ဇယားထိပ်(၂)သင်းစလုံးသရေကျခဲ့ပြီးနောက်ဆုံးပွဲစဉ်မှ အဖြေထွက်မယ့် စီးရီးအေ ချန်ပီယံတိုက်ပွဲ
မနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်(၃၇)မှာ ဇယားထိပ်က နာပိုလီအသင်းရော အင်တာမီလန်အသင်းပါ သရေရလဒ်တွေအသီးသီးရခဲ့တာကြောင့် ရမှတ်တစ်မှတ်ကွာဟနေဆဲဖြစ်ပြီး နောက်ဆုံးပွဲစဉ် (၃၈)မှ ချန်ပီယံအသင်းအဖြေထွက်ပေါ်မှာ ဖြစ်ပါတယ်။
ဒီရာသီဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ (၄)ခုက ရာသီမပြီးဆုံးမီ အဖြေထွက်ပေါ်ခဲ့ပြီး စီးရီးအေမှာတော့ အခုအချိန်အထိ ချန်ပီယံအသင်းကို ကြေညာလို့မရသေးတာဖြစ်ပါတယ်။
ပါးမား-နာပိုလီပွဲမှာ နာပိုလီအသင်းက တစ်ချိန်လုံးဖိကစားခဲ့ပေမယ့် ပါးမားအသင်းက တစ်သင်းလုံးပိတ်ဆို့ကာကွယ်ခဲ့တာကြောင့် နာပိုလီအသင်း ဂိုးသွင်းခွင့်လည်း များများစားစားမရဘဲ ပွဲအပြီးမှာ (၀-၀)သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာပါ။
အင်တာမီလန်-လာဇီယိုပွဲကတော့ အင်တာမီလန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသည်းအသန်ကြိုးပမ်းနေတဲ့ လာဇီယိုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ခြေရည်တူတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
အင်တာမီလန်အတွက် ညာနောက်ခံလူဘစ်ဆက်က ပထမပိုင်းပြီးခါနီးမှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး လာဇီယိုအတွက် လူစားဝင်ကစားသမားပက်ဒရိုက ပွဲချိန်(၇၂)မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ နောက်(၇)မိနစ်အကြာမှာ အင်တာမီလန်အတွက် ခြေစွမ်းပြနေတဲ့ ညာတောင်ပံကစားသမားဒမ်ဖရီးစ်က ဦးဆောင်ဂိုးပြန်သွင်းခဲ့ပါတယ်။
အင်တာမီလန်အနိုင်ရမယ်လို့ ထင်နေချိန်ပွဲပြီးခါနီး မိနစ်(၉၀)မှာ လာဇီယိုပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို ပက်ဒရိုက ကန်သွင်းခဲ့တာကြောင့် (၂-၂)ဂိုးရလဒ်နဲ့ သရေကျခဲ့သလို အင်တာမီလန်အသင်း ဇယားထိပ်က နာပိုလီကို ပြန်ကျော်တက်နိုင်မယ့် အခွင့်အလမ်းကောင်းကို လက်လွှတ်ခဲ့ရပါတယ်။
နောက်ဆုံးပွဲစဉ်မှာ နာပိုလီက ကာဂလီယာရီနဲ့ အိမ်ကွင်း၊ အင်တာမီလန်က ကိုမိုနဲ့ အဝေးကွင်းကစားရမှာကြောင့် နည်းပြကွန်တီရဲ့နာပိုလီအသင်း အိမ်ကွင်းမှာ စီးရီးအေချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ဖို့ အခွင့်အလမ်းများနေပြီလို့ ဆိုရမှာပါ။
ထူးခြားတာကတော့ ဒီတစ်ပတ်ပွဲစဉ်မှာ နာပိုလီနည်းပြကွန်တီရော၊ အင်တာမီလန်နည်းပြအင်ဇာဂီပါ အနီကတ်ပြခံရတာကြောင့် နောက်ဆုံးပွဲစဉ်မှာ နှစ်ဦးစလုံး ပွဲပယ်ခံရမှာဖြစ်ပြီး မိမိတို့အသင်းတွေရဲ့အဆုံးအဖြတ်ပွဲကို ကြီးကြပ်ခွင့်မရဘဲ ပွဲကြည့်စင်ပေါ်က ကြည့်ရမှာပါ။