ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းက ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့်(၂)ဦးဖြစ်တဲ့ ကွမ်ဒါနဲ့ အက်စ်ဆူဂိုတို့နှစ်ဦးကို ပေါင်(၆၂.၄)သန်းနဲ့ ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါ်တူဂီတောင်ပံကစားသမား ကွမ်ဒါအတွက် ပြောင်းရွှေ့ကြေးပေါင်(၄၃.၇)သန်း၊ ကွင်းလယ်ကစားသမား အက်စ်ဆူဂိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၈.၇)သန်းပေးချေရမှာပါ။

မန်ယူနိုက်တက်အသင်းရဲ့စိတ်ဝင်စားမှုခံခဲ့ရတဲ့ အသက်(၁၇)နှစ်အရွယ် ကွမ်ဒါဟာ လာမယ့်ရာသီ စပို့တင်းလစ္စဘွန်းအသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်နွေရာသီမတိုင်ခင် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒီရာသီအစောပိုင်းမှာ ကွမ်ဒါကို အသင်းကြီးအတွက် စတင်အသုံးပြုခဲ့ပြီး သူကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကွမ်ဒါဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ပြနေတဲ့ ခြေစွမ်းကြောင့် Nations League ကွာတားဖိုင်နယ်အဖြစ် ဒီနေ့ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပေါ်တူဂီအသင်းလူစာရင်းထဲမှာ ရွေးချယ်ခံထားရပါတယ်။ အသက်(၂၀)နှစ်အရွယ်ရှိ အက်စ်ဆူဂိုဟာ လက်စ်ပါမားစ်အသင်းမှာ အငှားကစားနေပြီး အခုလာမယ့်နွေရာသီမှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာမှာပါ။ အက်စ်ဆူဂိုဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ်ဘိုလေနဲ့ Clearlake Capital တို့လက်ထက်မှာ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားအများအပြားကို ခေါ်ယူပြီး အနာဂတ်မှာ အောင်မြင်မှုတွေရယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။