မန်စီးတီး-ဘုန်းမောက် ပရီးမီးယားလိဂ်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ကွန်မြူနတီဒိုင်းကို အဓိကဆုဖလားအဖြစ် အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့ပြောဆိုမှုကို ပဲ့တင်ထပ်ပြီးပြောခဲ့တဲ့ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကို အာဆင်နယ်အသင်းပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားလက်မဲ့နဲ့ ဒီရာသီကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဂွါဒီယိုလာအတွက် သူ့ရဲ့နည်းပြဘဝမှာ ဒုတိယမြောက်ဖလားလက်မဲ့ရာသီဖြစ်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့အတွက် တိုက်ပွဲဝင်နေရပြီး နည်းပြဂွါဒီယိုလာက ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

ဂွါဒီယိုလာက"နယူးကာဆယ်အသင်းက ကာရာဘောင်းဖလားရရှိခဲ့ပြီး၊လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ဖလားနဲ့ မန်စီးတီးအသင်းက ကွန်မြူနတီဒိုင်းရရှိခဲ့ပါတယ်။ အခြားအသင်းတွေက ဆုဖလားတွေမရရှိပါဘူး။ ချယ်လ်ဆီးအသင်းက ကွန်းဖရန့်လိဂ်ရနိုင်သလို မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့က ယူရိုပါလိဂ်ဖလားရရှိနိုင်ပါတယ်။ အခြားအသင်းတွေအားလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့ မျှော်လင့်နေကြတယ်"လို့ ဆိုခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြအာတီတာက သူဟာ ကွန်မြူနတီဒိုင်း(၂)ကြိမ်ရခဲ့ပြီး အသင်းနဲ့ ဆုဖလား(၃)ခုရယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဆိုထားပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်အသင်းပရိသတ်တွေက မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး "ကွန်မြူနတီဒိုင်းက ဆုဖလားပါ၊ကျွန်တော်တို့အသင်းအနိုင်ရရင်တော့ ဘာမှမဟုတ်သလိုပဲ"လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက "ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားကို ကွန်မြူနတီဒိုင်းအနိုင်ရတာနဲ့ နှိုင်းယှဉ်တာက အရူးလိုပဲ"လို့ ရေးသားခဲ့ပါတယ်။