ကွန်းဖရန့်လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဗိုလ်စွဲမလားစောင့်ကြည့်ရမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက ဥရောပရဲ့တတိယအဆင့်ပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေနဲ့ အလွန်ခြားနားတဲ့ ခြေစွမ်းရလဒ်တွေနဲ့အတူ ဆီမီးဖိုင်နယ်လက်တစ်ကမ်းကို ရောက်လာခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ကွာတားဖိုင်နယ်(ပထမအကျော့)မှာ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ ပိုလန်ကလပ်ဝါဆောအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် အသက်(၁၉)နှစ်အရွယ်လူငယ်ကစားသမားတိုင်ရစ်ဂျော့ချ်က ပွဲချိန်(၄၉)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး မာဒူအက်ကေက ပွဲချိန်(၅၇)မိနစ်နဲ့ (၇၄)မိနစ်မှာ နောက်(၂)ဂိုးထပ်သွင်းပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းက အုပ်စုအဆင့်မှာကတည်းက (၆)ပွဲကစား(၆)ပွဲစလုံးကို အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ Round of 16 မှာလည်း ကိုပင်ဟေဂင်အသင်းကို နှစ်ကျော့စလုံးအနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီကွန်းဖရန့်လိဂ်မှာ ချယ်လ်ဆီးအသင်းက (၉)ပွဲကစား(၉)ပွဲနိုင် ရာနှုန်းပြည့်အနိုင်ရလဒ်ကို ရယူထားပြီး စုစုပေါင်းသွင်းဂိုးက (၃၂)ဂိုးအထိရှိနေပါတယ်။ ဒီ(၉)ပွဲမှာ ပေးဂိုးက (၆)ဂိုးသာရှိလို့ ဂိုးကွာခြားချက်က (၂၆)ဂိုးအထိရှိနေပါတယ်။

ဒါကြောင့် စတုတ္ထအကြိမ် ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းက ပွဲအားလုံးကို အနိုင်ရပြီးဗိုလ်စွဲတဲ့ ပထမဆုံးချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်မလားဆိုတာ ကြည့်ရမှာပါ။

ပြီးခဲ့တဲ့ကွန်းဖရန့်လိဂ်ပြိုင်ပွဲ(၃)ကြိမ်မှာ ရိုးမား၊ ဝက်စ်ဟမ်း၊ အိုလံပီယာကော့စ်အသင်းတို့က ချန်ပီယံဆုတွေရယူခဲ့ကြပါတယ်။