ကာလံဒေသံကို နားမလည်တာကြောင့် တံခါးစောင့်လို့ လှောင်ပြောင်ခံနေရတဲ့ ဒူးစ်ဘူရီဟောလ်

မနေ့ညက ကျင်းပတဲ့ ချယ်လ်ဆီးအသင်း ရာသီကုန်ဆုပေးပွဲကို တက်ရောက်လာတဲ့ အင်္ဂလန်ကွင်းလယ်လူဒူးစ်ဘူရီဟောလ်ဟာ အခမ်းအနားတစ်ခုကို တက်ရောက်လာတဲ့ပုံစံနဲ့မတူဘဲ ဖြစ်သလို ဝတ်စားဆင်ယင်လာလို့ ချယ်လ်ဆီးပရိသတ်တွေရဲ့ ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုကို ခံယူနေရပါတယ်။
လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ ဒူးစ်ဘူရီဟောလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်(၁၂)ပွဲအပါအဝင် ပြိုင်ပွဲစုံ(၂၈)ပွဲအထိကစားခွင့်ရထားတဲ့ ကစားသမားတစ်ဦးပါ။
လန်ဒန်မြို့လယ်၊ Mayfair က Grosvenor House မှာပြုလုပ်ခဲ့တဲ့ ဒီဆုပေးပွဲမှာ ဒူးစ်ဘူရီဟောလ်ဟာ အခြားချယ်လ်ဆီးကစားသမားတွေလို ခန့်ညားထည်ဝါတဲ့ Suit ဝတ်စုံကို ဝတ်ဆင်မလာဘဲ ရေတပ်တပ်သားတွေဝတ်ဆင်တဲ့ Navyရှပ်အင်္ကျီနက်ပြာရောင်နဲ့ ချည်သားဘောင်းဘီနက်ပြာရောင်ကို ဝတ်လာခဲ့တာပါ။

သူ့အတွက်က ပေါ့ပေါ့ပါးပါးဝတ်ဆင်လာတာဖြစ်နိုင်ပေမယ့် ပွဲတက်ဝတ်စုံမဟုတ်တဲ့အတွက် ဒီပွဲမှာ သူက အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေခဲ့တာပါ။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းက ဘာဆုမှမရဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သာ ရုန်းကန်နေရပေမယ့် ချယ်လ်ဆီးအမျိုးသမီးအသင်းအတွက်တော့ ဂုဏ်ယူစရာ ရာသီတစ်ခုဖြစ်ခဲ့တာပါ။
ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ ဒီရာသီအတွင်းမှာ အမျိုးသမီးစူပါဖလား(Women's Super League-WSL)ချန်ပီယံဆုကို (၆)ရာသီဆက်တိုက်အဖြစ် ဆွတ်ခူးခဲ့ရုံမက အမျိုးသမီးလိဂ်ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီဆုပေးပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ချယ်လ်ဆီးအမျိုးသားကစားသမားတွေနဲ့ ချယ်လ်ဆီးအမျိုးသမီးကစားသမားတွေထဲက အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ဆုချီးမြှင့်ခဲ့တာပါ။
ဒီနှစ်အတွက် ပရိသတ်တွေမဲပေးရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု(Player of the Season)ကိုရော၊ ချယ်လ်ဆီးကစားသမားတွေမဲပေးရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု(Players' Player of the Season)ကိုပါ ချယ်လ်ဆီးကွင်းလယ်လူကိုင်စီဒိုက ဆွတ်ခူးရရှိခဲ့ပါတယ်။