ကာလရှည်ပစ်မှတ် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ
အာဆင်နယ်အသင်းဟာ ကာလရှည်ကြာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ဆိုစီဒက်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည်ကြာရှိမယ့်စာချုပ်ကို လက်မှတ်ရေးထိုးဖို့ နှုတ်နဲ့သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ ဇူဘီမန်ဒီနဲ့ ဆိုစီဒက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၅၁)သန်းကို ပေးချေဖို့အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဇူဘီမန်ဒီကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ကြိုးပမ်းမှုတွေပြုလုပ်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဇူဘီမန်ဒီကို ဇန်နဝါရီမှာ အသင်းထံလာရောက်ပူးပေါင်းစေဖို့ ဆန္ဒရှိခဲ့ပေမယ့် ဆိုစီဒက်အသင်းက သူ့ကိုရာသီကုန်အထိ ဆက်ရှိမယ်လို့ ဆိုခဲ့ပါတယ်။
ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းထံ ရောက်ရှိဖို့အလွန်နီးစပ်ခဲ့ပေမယ့် ဆိုစီဒက်အသင်းမှာသာ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။ ဇူဘီမန်ဒီဟာ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့မတ်က ရောက်ရှိလာခဲ့တဲ့ အားကစားဒါရိုက်တာအသစ် ဘာတာရဲ့ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းပရိသတ်တွေဟာ နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူပေးဖို့တောင်းဆိုနေပေမယ့် ဇူဘီမန်ဒီဟာ သူတို့ရဲ့အဓိက ဦးစားပေးပစ်မှတ်ဖြစ်ခဲ့တာပါ။
ဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့ဆုံးဖြတ်ခဲ့တဲ့ အဓိကအချက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ဖြစ်ပါတယ်။ ဆိုစီဒက်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၁)နေရာရပ်တည်နေပြီး လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် လွဲချော်ဖွယ်ရှိနေတာပါ။ ဆိုစီဒက်လူငယ်စီမံကိန်းက ထွက်ပေါ်လာတဲ့ ဇူဘီမန်ဒီဟာ ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ(၂၃၂)ပွဲပါဝင်ကစားထားပါတယ်။