PSG အသင်းကို ပယ်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်ညာနောက်ခံလူ အာနိုးလ်ဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒါပေမယ့် အာနိုးလ်ဟာ ဒဏ်ရာအခြေအနေဆိုးရွားမှုမရှိတဲ့အတွက် ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။
အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေဟာ လာမယ့်သောကြာနေ့မှာ သူ့ရဲ့ပထမဆုံးလူစာရင်းထုတ်ပြန်မယ့် အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်အတွက်လည်း ခေါင်းကိုက်စေပါတယ်။ အစောပိုင်းက အာနိုးလ်ဟာ ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းအတွက် နောက်ဆုံးပွဲပါဝင်ကစားခဲ့ပြီဖြစ်တယ်လို့ဖော်ပြခဲ့တာပါ။ အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။

အာနိုးလ်ပြန်ကစားနိုင်မယ့် အချိန်ကိုသတ်မှတ်ဖို့ စောနေပေမယ့် ဒဏ်ရာအခြေအနေအဆိုးရွားကြီးမဟုတ်လို့ ဒီရာသီမကုန်ခင် လီဗာပူးလ်အသင်းရဲ့ပွဲစဉ်တွေမှာ သူ့ကိုပြန်ပြီးမြင်တွေ့ရဖို့ရှိနေတာပါ။ PSG အသင်းနဲ့ပွဲစဉ်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် လူစားလဲခဲ့ရတဲ့ ဗဟိုနောက်ခံလူ ကိုနာတေးကတော့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းအတွက် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာနိုးလ်အပြင် ညာနောက်ခံလူ ဘရက်ဒလေလည်း ဒဏ်ရာရနေတဲ့အတွက် လီဗာပူးလ်အသင်းဟာ ကွမ်ဆာကို ညာနောက်ခံနေရမှာ အသုံးပြုသွားဖို့ရှိနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ FA ဖလားပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းလိဂ်ဖလားကို ရယူနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။
Discussion