ကစားသမားဘ၀ပထမဆုံးချန်ပီယံဆုအတွက် ထူးထူးခြားခြားအောင်ပွဲခဲ့ခဲ့ကြတဲ့ ကိန်းနဲ့ ဒိုင်ယာ

ဘိုင်ယန်မြူးနစ်အသင်းက ဒီတစ်ပတ်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ လိုက်ပ်ဇစ်အသင်းနဲ့ (၃-၃)ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ချက်ချင်းအောင်ပွဲမခံနိုင်ခဲ့ပေမယ့် မနေ့ညက ဘွန်ဒစ်လီဂါပွဲမှာ ဒုတိယနေရာက လေဗာကူဆင်က နိုင်ပွဲမရယူနိုင်ခဲ့ဘဲ ဖရိုင်းဖတ်နဲ့ သရေကျခဲ့တာကြောင့် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံက အဖြေထွက်သွားခဲ့ပါတယ်။
တကယ်လို့သာ ဖရိုင်းဖတ်ကို လေဗာကူဆင်အသင်းအနိုင်ကစားခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံအဖြစ်အောင်ပွဲခံဖို့ နောက်တစ်ပတ်စောင့်ရဦးမှာဖြစ်ပေမယ့် အခုတော့ ဘိုင်ယန်မြူးနစ်က ရာသီမကုန်မီမှာပဲ ဘွန်ဒစ်လီဂါချန်ပီယံဆုကို (၃၄)ကြိမ်မြောက်ရယူဖို့ သေချာသွားခဲ့တာပါ။

မနေ့ညက ဖရိုင်းဖတ်နဲ့ လေဗာကူဆင်ပွဲကစားချိန်မှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေက ဒီပွဲကို မြူးနစ်မြို့ အရှေ့မြောက်ဘက်က ဘိုဂျန်ဟူဆန်ဆိုတဲ့ ဒေသက နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ လူစုပြီး TV ကနေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ဒီပွဲမှာ ဖရိုင်းဖတ်က ပထမပိုင်းမှာပဲ ဦးဆောင်ဂိုး(၂)ဂိုးသွင်းယူပြီး လေဗာကူဆင်ရဲ့နောက်ကျချေပဂိုးတွေကြောင့် ပွဲအပြီးမှာ (၂-၂)ဂိုးနဲ့သရေကျခဲ့တော့ ဘိုင်ယန်မြူးနစ်ကစားသမားတွေ ပုံစံအမျိုးမျိုးနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။
ဆိုရှယ်မီဒီယာမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေရဲ့ အပျော်ဗီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီး မီဒီယာတွေကလည်း ဒီအပျော်ပုံရိပ်တွေကို ပရိသတ်တွေဆီလက်ဆင့်ကမ်းခဲ့ပါတယ်။

စပါးအသင်းမှာ နှစ်ရှည်လများကစားခဲ့ပြီး ချန်ပီယံဆုတစ်ခုမှ မကိုင်မြှောက်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟာရီကိန်းနဲ့ ကွင်းလယ်လူအဲရစ်ဒိုင်ယာတို့ သူတို့ရဲ့ပထမဆုံးချန်ပီယံဆုအတွက် အတော်ကိုပျော်နေကြပြီး Queen အဖွဲ့ရဲ့ 'We Are the Champions' သီချင်းကို ကျန်အသင်းဖော်တွေနဲ့အတူတပျော်တပါးသီဆိုနေတာကို တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ကိန်းနဲ့ ဒိုင်ယာတို့ ဆေးပြင်းလိပ်ကြီးတွေကို အသင်းဖော်ကင်မစ်ချ်နဲ့ အတူ သောက်ပြီး ထူးထူးခြားခြားအောင်ပွဲခံခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမားနူအာကတော့ မီးဖိုချောင်ထဲမှာ အီတလီထမင်းကြော်တစ်အိုးနဲ့ အောင်ပွဲခံခဲ့တာကိုလည်း ထွက်ပေါ်လာတဲ့ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ဒီပါတီပွဲမှာ ဟာရီကိန်းဟာ (၈)နာရီကြာလောက် အချိန်ဖြုန်းခဲ့ပြီး သန်းခေါင်ကျော်ပြီး ည(၁)နာရီခွဲလောက်မှ သူ့ဇနီးကိတ်နဲ့အတူ ပြန်သွားခဲ့ကြောင်း သိရပါတယ်။ ကိန်းဟာ သူ့ရဲ့ Instagram story မှာ သူ့ကစားသမားဘ၀ ပထမဆုံးဆုဖလားရရှိတယ်ဆိုတဲ့အကြောင်းကို ဖလားပုံ emoji လေးတစ်ခုတင်ပြီး ပြသခဲ့တာကိုလည်း တွေ့ရပါတယ်။။