ခြေထောက်ကျိုးသွားနိုင်တဲ့ ဆိုးရွားတဲ့ဖျက်ထုတ်မှုပြုလုပ်ပြီးနောက် မက်အာလစ္စတာကို တာကောစကီးတောင်းပန်ခဲ့

မနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၁-ဝ)အဲဗာတန်ပွဲအပြီးမှာ အဲဗာတန်အသင်းနောက်ခံလူ တာကောစကီးက သူ့ရဲ့ဆိုးရွားတဲ့ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့ လီဗာပူးလ်အသင်းကွင်းလယ်လူ မက်အာလစ္စတာကို တောင်းပန်ခဲ့ပါတယ်။

အဲဗာတန်အသင်းခေါင်းဆောင် တာကောစကီးဟာ ဘောလုံးကိုရှင်းထုတ်ဖို့ကြိုးပမ်းခဲ့ရာမှာ လီဗာပူးလ်အသင်းကွင်းလယ်လူ မက်အာလစ္စတာရဲ့ဘယ်ဘက်ခြေထောက်ကို ဆိုးဆိုးရွားရွားဖျက်ထုတ်မိခဲ့ပြီးခြေထောက်ကျိုးသွားနိုင်တဲ့ဖျက်ထုတ်မှုဖြစ်ခဲ့ပေမယ့် အနီကတ်ပြသခံရခြင်းကနေ လွတ်မြောက်ခဲ့တာပါ။

ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ တာကောစကီးကို အဝါကတ်ပြသခဲ့ပြီး VAR ဒိုင်လူကြီးက ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ခဲ့ပေမယ့် နောက်ထပ်အရေးယူမှုပြုလုပ်ဖို့မလိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ပွဲအပြီးမှာ တာကောစကီးဟာ မက်အာလစ္စတာထံ ချက်ချင်းချဉ်းကပ်ပြီး တောင်းပန်ခဲ့ကာ နှစ်ဦးသားပြုံးပြုံးရွှင်ရွှင်ရှိခဲ့တာကြောင့် မက်အာလစ္စတာဟာ သူ့ရဲ့တောင်းပန်မှုကို လက်ခံခဲ့တယ်လို့ ယူဆရမှာပါ။

တာကောစကီးဟာ ပွဲအပြီး Premier League Productions နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်အာလစ္စတာနဲ့ သူ စကားပြောခဲ့ပြီး ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနောက်ခံလူဟောင်း ကာရေဂါက တာကောစကီးကို အနီကတ်ပြမထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ အဲဗာတန်အသင်းတိုက်စစ်မှူးဟောင်း ဒွန်ကန်ဖာဂူဆန်ကလည်း တာကောစကီးထုတ်ပယ်ခံရသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့(၈)ပွဲသာကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းကို (၁၂)မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာရပ်တည်ကာ ချန်ပီယံဆုရယူနိုင်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။